SJ WorldNews - шаблон joomla Авто

လယ်ယာသားငါးထုတ်ကုန်များ သင့်တင့်သောဈေးနှုန်းနှင့် စဉ်ဆက်မပြတ်ဈေးကွက်များ တည်ရှိစေရန် မြို့နယ်အလိုက် တောင်သူလယ်သမားဈေးကွက်စနစ်ထူထောင်၍ ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

Tuesday, 17 September 2019 10:34 font size decrease font size decrease font size increase font size increase font size

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ကို   ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတင်သွင်းသည့် လယ်ယာသားငါးထုတ်ကုန်များ   သင့်တင့်သော ဈေးနှုန်း၊ စဉ်ဆက်မပြတ်ဈေးကွက်များ တည်ရှိစေရန် မြို့နယ်အလိုက်   တောင်သူလယ်သမား ဈေးကွက်စနစ် Farmer Market System ထူထောင်၍    ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် လေးဦးက ဆွေးနွေးကြသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က ဆွေးနွေးရာတွင် လယ်ယာထုတ်ကုန်ဈေးနှုန်းကို အမှန်တကယ်လွှမ်းမိုးနေသော Export Market ကိုလေ့လာကြည့်လျှင် သားငါးကဏ္ဍအနေဖြင့် Border Trad ထက်ကျော်လွန်ပြီး Regular Trade ကို အထိုက်အလျောက် ဦးတည်နိုင်သော်လည်း စိုက်ပျိုးရေးထွက်ကုန်များအနေဖြင့်  Border Trade ကိုသာ Target Market  ထားပြီး ထုတ်လုပ်နေကြသည်ကို တွေ့ရှိရကြောင်း၊  အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးအရ ဆက်ဆံရေးမပြေလည်သည့် ကာလများတွင်    မြန်မာ့ထွက်ကုန်များကို မဝယ်တော့ခြင်း၊ ဈေးနှိမ်ခြင်း စသည့်အခြေအနေများကြောင့် မြန်မာ့တောင်သူလယ်သမားများ ဆုံးရှုံးမှုကြီးစွာ  ကြုံတွေ့နေရကြောင်း။

မြန်မာ့လယ်ယာသားငါးထုတ်ကုန်များ ကမ္ဘာတွင်   ဈေးကွက်ခိုင်မာစွာရရှိစေရန် အလွန်အရေးကြီးကြောင်း   အဆိုတွင်

ပါရှိသကဲ့သို့ စဉ်ဆက်မပြတ်သော ဈေးကွက်  ရရှိရန်ဖြစ်ကြောင်း၊  စဉ်ဆက်မပြတ်သော ဈေးကွက်သာရရှိပါက  တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ၊ မွေးမြူရေး ထွက်ကုန်များသည် သင့်တင့်သောဈေးနှုန်းရရှိကြမည်ဖြစ်ကြောင်း၊ ဒီအတွက် လိုအပ်သည်က ထုတ်လုပ်လိုက်သည့် ထုတ်ကုန်များသည်  အရည်အသွေးမြင့်ထုတ်ကုန် Quality Product ဖြစ်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ တောင်သူလယ်သမားဈေးကွက်ကို တည်ထောင်နိုင်ရန်    Farmer Market System ကိုတည်ထောင်ရာတွင်  စိုက်ကွက်ကျယ်စနစ်ပြောင်းလဲခြင်းကို တစ်ပါတည်း ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ကွက်ငယ်တောင်သူလယ်သမားများ နစ်နာမှုမရှိစေရန်အတွက် သမဝါယမစနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်သည်ကို အကြံပြုတင်ပြအပ်ကြောင်း။

Farmer Market System ကိုမြို့နယ်တိုင်းတွင် တည်ထောင်ရန်ဆိုသည်မှာ ရေရှည်ရည်မှန်းချက်အဖြစ်ထားရှိရန်လို အပ်မည်ဖြစ်ကြောင်း၊  လတ်တလောတွင် ခရိုင်မြို့များ၌ ဖြစ်စေ စိုက်ပျိုးရေး၊ မွေးမြူရေး ထွန်းကားသည့်မြို့များ၌ဖြစ်စေ စတင်တည်ထောင်ရန် အချိန်ကျပြီဖြစ်ကြောင်း၊   နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့်လည်း    မလုံလောက်နိုင်သောကြောင့်     ပုဂ္ဂလိကကဏ္ဍကိုလည်း မက်လုံးပေးလမ်းဖွင့်ပေးရန် ပြည်ထောင်စု အစိုးရအနေဖြင့် ဦးစီးဆောင်ရွက်သင့်ကြောင်းဖြင့် အဆိုကို   ဖြည့်စွက်အကြံပြု ထောက်ခံဆွေးနွေးသည်။

 တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က ဆွေးနွေးရာတွင်  မြန်မာနိုင်ငံ၏ စိုက်ပျိုး

မွေးမြူရေးအတွက် မိုးရေ၊ ရေအရင်းအမြစ်များ ထိန်းသိမ်းသိုလှောင်ခြင်း၊  စိုက်ပျိုးရေကို ပြန်လည်အသုံးချခြင်း၊ ဆည်မြောင်းတာတမံများ ပြုပြင်ထိန်းသိမ်းခြင်း၊    မြေဆီလွှာနှင့် လယ်ယာမြေပြုပြင်ထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လယ်ယာသားငါး ထုတ်ကုန်များ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းထုတ်လုပ်မှုကို အားပေးကူညီခြင်း၊ ဈေးနှုန်းနှင့် ဈေးကွက်တည်မြဲရေး၊   စားနပ်ရိက္ခာဖူလုံရေး၊   အစားအစာလုံခြုံစိတ်ချမှုရှိရေး၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် မြို့နယ်အလိုက် ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်းစနစ်များဖြင့် လက်တွေ့အသုံးချပြီး အလေးထား ဆောင်ရွက်သင့်ကြောင်း၊ တောင်သူလယ်သမားနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲအများစုမှာ မြေယာသုံးစွဲမှု စနစ်မကျခြင်း၊  ကျွမ်းကျင်လုပ်သားအရင်းအမြစ် မလုံလောက်ခြင်း၊ မိရိုးဖလာအတိုင်းသာ လုပ်ကိုင်နေရခြင်း၊ မျိုးကောင်းမျိုးသန့်မသုံးစွဲနိုင်ခြင်း၊    လုပ်ငန်းစဉ်အဆင့် ဆင့်တွင် အလေအလွင့်များခြင်း၊ သိုလှောင်

ထိန်းသိမ်းမှုစနစ်မကျခြင်းနှင့် နည်းပညာအချက်အလက်အားနည်းမှုများကြောင့် အရည်အသွေး စံချိန်စံညွှန်းမမီခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ ၊ ထိုင်းနိုင်ငံတို့၏ ကြီးမားသည့် စားသုံးသူဈေးကွက်နှင့် နီးကပ်စွာရှိခြင်း၊ အနာဂတ်တွင် အာရှဒေသ၏ လမ်းဆုံတစ်ခုဖြစ်လာနိုင်ခြင်း တို့ကြောင့် နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်း ဝယ်ရေးဈေးကွက်ကြီးတစ်ခု  ဖော်ဆောင်ရန်၊ အခြေခံနည်းစနစ်များနှင့် ဈေးကွက်များ တိုးချဲ့လုပ်ဆောင်ရန်၊ လိုအပ်သော အခြေခံအဆောက်အဦများ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ကြီးကြပ်စီမံမှု အားကောင်းသော ဘဏ်များ ပြန်လည်ဖွဲ့စည်းရေး၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်၏ အဓိကလိုအပ်ချက်များ ဖြစ်သည့် စိုက်စက်၊ ကြိတ်ခွဲစက်၊ သန့်စင်စက်၊ အခြောက်ခံစက်၊ အဆင့်မီစက်ရုံနှင့် သိုလှောင်ရုံများကို တည်ဆောက်ပေးရန်၊ အကောင်အထည်ဖော်မည့် စီမံကိန်းများအလိုက် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် အလေ့အထကောင်းများကို ဆန်းစစ်ခြင်း၊ စီမံခန့်ခွဲခြင်းများနှင့် တောင်သူလယ်သမားဈေးကွက်စနစ်ကို  စနစ်တကျထူထောင်ရန်အကြံပြု ဆွေးနွေးသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်၏ လက်ရှိကျင့်သုံးလျက်ရှိသော   စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပြီး တောင်သူလယ်သမား ဈေးကွက်စနစ် ဖော်ဆောင်ပေးရန် သိုလှောင်ထိန်းသိမ်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် သိုလှောင်ရုံကဲ့သို့သောအခြေခံအဆောက်အဦများ   တည်ဆောက်ခြင်း၊ ဈေးနှုန်းနှင့် စဉ်ဆက်မပြတ်ဈေးကွက်ရရှိရေးအတွက် ရောင်းဝယ်သည့် စနစ်များ သတ်မှတ်ပြဋ္ဌာန်းကာ လေ့ကျင့်ပြုစုပေးရန် အချိန်လတစ်ခု  လိုအပ်လျက်ရှိနေကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်   မြို့နယ်အလိုက်  တောင်သူလယ်သမားဈေးကွက်စနစ် (Farmer Market

System) တည်ထောင်ရန် အဆိုပါ လုပ်ငန်းများအား တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်သည့်အတွက် ယခုအဆိုအား မှတ်တမ်းတင်ထားသင့်ကြောင်း ရှင်းလင်းဖြေကြား၍ အဆိုရှင်ကလည်း မှတ်တမ်းတင်ပေးရန် ရှင်းလင်းပြောကြားသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ  လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ဒုတိယအကြိမ်   ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၂၂ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။       

အောင်လှိုင်ဝင်း(မြဝတီ)

 

Read 20 times Last modified on Tuesday, 17 September 2019 10:35