SJ WorldNews - шаблон joomla Авто

ဂျပန်နည်းပညာသုံး တန်ဖိုးနည်းအိမ်ရာ နမူနာနေအိမ်လွှဲပြောင်းပေးအပ်

Thursday, 10 October 2019 08:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေး  အမြန်လမ်း တိုးဂိတ်အနီး၌    ဂျပန်-မြန်မာအိမ်ရာတည်ဆောက်ရေးနှင့်မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းအသင်း(JHMU)နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA)တို့ ပူးပေါင်းတည်ဆောက်ခဲ့သော ဝင်ငွေနည်းသူများနှင့် ဝင်ငွေအလယ်အလတ်ရှိသူများ နေထိုင်နိုင်သည့် ဆောက်လုပ်ပြီးစီးသွားသော နမူနာနေအိမ်နှစ်လုံး  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၈  ရက်က  ရန်ကုန်မြို့ရှိ MCEA ၌ ကျင်းပသည်။

အခမ်းအနားသို့  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိချိယိုမာရူရာမ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်   လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနှင့်ဂျပန်နိုင်ငံ တို့မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

''ဒီအဆောက်အအုံနှစ်လုံးကတော့ အမျိုးအစား A နှစ်ထပ် လေးခန်းနဲ့ အမျိုးအစား B နှစ်ထပ်နှစ်ခန်းတို့ပဲ ဖြစ်ပါတယ်။ အားလုံးကို  ဂျပန်နည်းပညာ၊  ဂျပန်ပစ္စည်းတွေ အသုံးပြုပြီး ဆောက်လုပ်ခဲ့ တယ်။ ဆောက်လုပ်ပြီးစီး သွားတဲ့အတွက် MCEA အဖွဲ့ဝင် မြေပိုင်ရှင်ကို လွှဲပြောင်းပေးအပ်တာပါ''ဟု MCEA ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

အဆိုပါ အဆောက်အအုံနှစ်လုံးဆောက်လုပ်ခြင်းအတွက် အခြေခံအဆောက်အအုံပုံစံကို JHMU က တာဝန်ယူဆောင်ရွက်ပြီး ဆောက်လုပ်ရေးအစီအစဉ်ကို MCEA  ဘက်မှ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်ပေး ခဲ့ခြင်းဖြစ်သည်။ ယင်းနမူနာအိမ်များ ဆောက်လုပ်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ   မြန်မာနိုင်ငံ၌ ဂျပန်ဆောက်လုပ်ရေး ပစ္စည်းများနှင့် ဂျပန်ဒီဇိုင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ အရည်အသွေး မီစွာ ဆောက်လုပ်နိုင်ရန် ဖြစ်ကြောင်း သိရသည်။ မောင်မျိုး(ဧရာဝတီ)

Read 12 times Last modified on Thursday, 10 October 2019 08:36