SJ WorldNews - шаблон joomla Авто

ပြည်မြို့အနီး နတ်မှော်ဆင်စခန်း၌ ဆင်ပြတိုက် ဖွင့်လှစ်ပြသထား

Thursday, 10 October 2019 09:05 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် နတ်မှော်ကျေးရွာအနီး ပြည်-ရန်ကုန်ကားလမ်းမဘေးရှိ နတ်မှော်ဆင်စခန်း၌ ဆင်ပြတိုက်တစ်ခု ဖွင့်လှစ်ပြသထားကြောင်း သိရသည်။

ဆင်ပြတိုက်တွင် ဆင်အရိုးစု၊ ဆင်အသုံးအဆောင်ပစ္စည်းများ၊   ဆင်လုပ်သားများ နေထိုင်ရာနေအိမ်များ၊  ဆင်စွယ်များ၊  ကျုံးစနစ်ဖြင့်ဆင်ဖမ်းခြင်း၊ မေ့ဆေးသေနတ်ဖြင့် ဆင်ဖမ်းခြင်း၊ ဆင်များနေမကောင်းပါက ကုသရသည့်ဆေးဝါးပစ္စည်းများ၊ ဆင်များနှင့်ပတ်သက်သည့်    ရှေးဟောင်းဓာတ်ပုံများကို ပြသထားသည်။

ဆင်ပြတိုက် ဖွင့်လှစ်ရခြင်းမှာ ပြည်သူလူထုအနေဖြင့် ဆင်များကိုစိတ်ဝင်စားပြီး ချစ်ခင်တတ်စေရန်၊ ဆင်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးတွင် ပူးပေါင်းကူညီလာစေရန်၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးအနေဖြင့်   ဌာနပိုင်ဆင်များကို နည်းစနစ်တကျ ထိန်းသိမ်းနေခြင်းကို ပြည်သူလူထုသိရှိနားလည်စေရန်၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များသည်      ဆင်အခြေပြုစခန်းများတွင်    စိတ်ဝင်တစား လာရောက်လေ့လာခြင်းဖြင့် ဌာန၏ဝင်ငွေ တစ်ဖက်တစ်လမ်းမှ ရရှိစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း ပြည်ဒေသတာဝန်ခံ လက်ထောက်အထွေထွေမန်နေဂျာ    ဦးတင်မင်းဦးထံမှ သိရသည်။

နတ်မှော်ဆင်စခန်းအား ၂ဝ၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့မှ ၅ မိုင်ခန့်ကွာဝေး၍ ပြည်-ရန်ကုန်အဝေးပြေးကား လမ်းမပေါ်တွင် တည်ရှိကာ မြို့ပြအခြေပြုစခန်း ဖြစ်သည့်အတွက် လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်ပြတိုက်ကို ၂ဝ၁၇   ခုနှစ်မှ စတင်၍    ဆင်အကြောင်းသိကောင်းစရာ ပြခန်းဟု အမည်တပ်၍ ဖွင့်လှစ်ခဲ့သော်လည်း ဆင်အရိုးစုတစ်ခုဖြင့်သာ စတင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဆင်ပြတိုက်ကို  လူအများစိတ်ဝင်စားမှုရှိစေရန် ပြုပြင်ခြင်း၊ ဆင်စွယ်နှင့် ပတ်သက်၍ ပြကွက်များ တိုးချဲ့ပြသခြင်းများ ပြုလုပ်ခဲ့သည်။

ဆင်စခန်းအတွက်ဝင်ကြေးကို ပြည်တွင်းမှ လာရောက်ကြည့်ရှုသူများအတွက် ငွေကျပ်၅ဝဝ၊   ပြည်ပမှ လာရောက်ကြည့်ရှုသူများအတွက် ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားပြီး ဆင်ပြတိုက်အား  အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။   

Read 8 times Last modified on Thursday, 10 October 2019 09:08