SJ WorldNews - шаблон joomla Авто

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ပြိုင်ပွဲဝင်ရန် မီးပုံးပျံများ ကြိုတင်ပြင်ဆင်လျက်ရှိ

Thursday, 10 October 2019 09:57 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ရွှေကလောင်ညမီးကြီး ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

အဆိုပါ ရွှေကလောင်ညမီးကြီး မီးပုံးပျံကို ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ  သတင်းမီဒီယာများနှင့် တောင်ကြီး သတင်းထောက်အသင်းတို့မှ ပူးပေါင်းပြုလုပ်သော  မီးပုံးပျံဖြစ်ပြီး မီးပုံးပျံပြုလုပ်ရာတွင် ရှမ်းစက္ကူကို စနစ်တကျကော်ဖြင့် ကပ်၍ ခေါင်အချင်း၂၅ ပေ၊ နံထောင် ၂၄ ပေ၊ မီးစာပေါက်အကျယ် ၇ ပေ စသည်တို့ကို မီးပုံးပျံဆရာက အချိန် အစတွက်ချက်၍ ဒီဇိုင်းများကို ရေးဆွဲရသည်။ညမီးကြီး ယမ်းစပ်ရာတွင် ခိုပျံအလှ၊ မီးဇိုင်းအလှ၊ ငါးရှဥ့်မီးအလှ၊ မီးရှူးမီပန်းအလှ၊ ဝါ၊ စိမ်း၊ နီ၊ ပြာ စသည့် ရောင်စုံမီး အလှများဖြင့် ကောင်းကင်ပေါ်တွင် လွှတ်တင်သည်နှင့် လှပဝေစာအောင် မီးဆရာက တွက်ချက်ရောစပ်ကာ စမ်းသပ်ခြင်းများ  ပြုလုပ်လျက် ရှိကြောင်း သိရသည်။        

မီးပုံးပျံများကို ယမ်းများ ကာလာစုံ ရောစပ်၍ ညဘက် အလှကာလာစုံ မီးရောင်များကို    တစ်နှစ်ထက်တစ်နှစ် ဆန်းသစ်တီထွင်လာကြပြီး  ညလွှတ် စိန်နားပန်များတွင် မီးပုံးငယ်များဖြင့် ဘုရားပုံ အမျိုးမျိုး၊ စိန်ပုံ၊ မိမိတို့၏ ကုမ္ပဏီ အသုံးပြုသည့်   ဒီဇိုင်းပုံများ၊ ယွန်းအုပ်ပုံစသည်တို့ကို  ဒီဇိုင်းအမျိုးမျိုး အလှဆင် ချိတ်ဆွဲခြင်းနှင့် မီးပုံးပျံပေါ်တွင် ဒီဇိုင်းအမျိုးမျိုး ပန်းချီများ ရေးဆွဲ၍ အလှဆင်ခြင်းများ ပြုလုပ်ကြသည်။ ညလွှတ်စိန်နားပန် တစ်လုံးလျှင် အရွယ်အစားပေါ် မူတည်ပြီးငွေကျပ် သိန်း၂ဝ မှ သိန်း ၃ဝ ဝန်းကျင်   ကုန်ကျကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲဝင် မီးပုံးပျံများကို ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ် မျိုးစုံတို့ကို   သူငယ်ချင်းအပေါင်း အသင်းအစုအဖွဲ့ဖြင့်သော် လည်းကောင်း၊ ဌာနများ အလိုက်သော် လည်းကောင်း၊ ကုမ္ပဏီများ၊ ပုဂ္ဂလိက ဘဏ်များ၊ ရပ်ကွက်အလိုက်၊ တစ်ဦးချင်းစသည့် ဒေသခံ တိုင်းရင်းသား မီးပုံးပျံပညာရှင်များက ဦးဆောင်ပြီး မျိုးဆက်သစ် လူငယ်များဖြင့် ရှမ်းစက္ကူများကို   မီးပုံးပျံ အချိုးအစားအတိုင်း ကော်ကပ်ခြင်း၊ ဆက်ခြင်းများ ပြုလုပ်ကြသည်။ မီးပုံးပျံပေါ်တွင် ငါးရာ့ငါးဆယ် ဇာတ်တော်တွင် ပါရှိသော ဇာတ်ဝတ္ထုရုပ်ပုံများ၊ မြတ်စွာဘုရား ပုံတော်အမျိုးမျိုး၊ အထင်ကရ လူပုဂ္ဂိုလ်များ၏ ပုံတော်များ၊ မြန်မာမှု ပန်းချီ၊ ပန်းကနုတ် အလှပုံများနှင့် အလှပန်းချီ ရေးဆွဲခြင်း၊   အရုပ်ဒီဇိုင်းမျိုးစုံစသည်တို့ကို ပန်းချီဆရာများက    သူ့ထက်ငါ အလှဆင်၍ လက်ရာမြောက်စွာရေးဆွဲ   လွှတ်တင် ယှဉ်ပြိုင်ကြသည်။ တန်ဆောင် တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ    တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌   ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Read 17 times Last modified on Thursday, 10 October 2019 09:59