SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ ဟိုတယ်အခန်းပေါင်း နှစ်သောင်းကျော်နှင့် တည်းခိုရိပ်သာ အခန်းပေါင်း နှစ်ထောင်ကျော်အထိ ဖွင့်လှစ်ခွင့်လိုင်စင်များ ချထားပေး

Wednesday, 23 October 2019 10:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ယခင်ထက် ပိုမိုဝင်ရောက်လာသောကြောင့်    ယခုနှစ်စက်တင်ဘာ လကုန်ပိုင်းအထိ  ဟိုတယ်အလုံးပေါင်း ၃၄၆ လုံးတွင် အခန်းပေါင်း နှစ်သောင်းကျော်၊ တည်းခိုရိပ်သာပေါင်း ၁ဝ၁ ခုတွင် အခန်းပေါင်း နှစ်ထောင်ကျော်အထိ ဖွင့်လှစ်ခွင့်လိုင်စင်များ ချထားပေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်မြို့က   နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အထင်ကရနေရာတွေ  အများကြီးရှိတာကြောင့်လာရောက် လည်ပတ်တဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်ဝင်ရောက်မှု အရင်ထက်   ပိုပြီးတိုးတက်လာပါတယ်။ ဒီအတွက်လည်း  ခရီးသွား ဧည့်သည်တွေအတွက် ဟိုတယ်နဲ့  အဆင့်မြင့်တည်းခိုခန်း  ဖွင့်လှစ်ခွင့်လိုင်စင်တွေ ချထားပေးတာဖြစ်ပါတယ်''ဟု ဦးမောင်မောင်ကျော်ကပြောသည်။

ရန်ကုန်မြို့ရှိ  ဟိုတယ်နှင့် အဆင့်မြင့်တည်းခိုရိပ်သာများ ဖွင့်လှစ်ခွင့် လိုင်စင်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့်  ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကြီးကြပ်ရေး ကော်မတီတို့မှ စနစ်တကျ စိစစ်ခွင့်ပြုပေးလျက်ရှိရာ ယခုနှစ် စက်တင်ဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်း လိုင်စင်ချထားပေးသော  ဟိုတယ် ၃၄၆ လုံးတွင်  အခန်းပေါင်း ၂၁၁၄၂ ခန်းရှိပြီး တည်းခိုရိပ်သာ ၁ဝ၁ ခုတွင် အခန်းပေါင်း ၂ဝ၁၄ ခန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့်   ဘာသာရေး အဆောက်အအုံများ၊ ကိုလိုနီခေတ်လက်ရာ အမွေအနှစ်အဆောက်အအုံများ၊ ရှေးဟောင်းသမိုင်းဝင် အထင်ကရ အဆောက်အအုံများအပြင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များ၊ အဆင့်မြင့် အရောင်းစင်တာများ၊ အင်းလျားကန်နှင့်  ကန်တော်ကြီးဥယျာဉ်တို့ အပါအဝင် လေ့လာလည်ပတ်စရာ ခရီးစဉ်သစ် များစွာရှိသည်။

ထို့ပြင်   ရပ်ရွာအခြေပြု  ခရီးသွားလုပ်ငန်း(CBT)ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်   ကျိုက်သလဲကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်ဦးရေ ၂ဝဝဝ ကျော် သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ 

Read 27 times Last modified on Wednesday, 23 October 2019 10:39