SJ WorldNews - шаблон joomla Авто

ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

Friday, 29 September 2017 08:06 font size decrease font size decrease font size increase font size increase font size

တာချီလိတ်   စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနက ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာမှ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃ဝဝ ရှိ တောင်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ကျေးလက်နေတောင်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ စနစ်တကျသိရှိ အကောင်အထည်ဖော် ဆောင်ရွက်ရေးကို လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ထောက်ပံ့ပစ္စည်း ပေးအပ်ရခြင်းနှင့် ဆက်လက် ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် အကြောင်းအရာများကို လည်းကောင်း   ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်တို့က တောင်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။ ထို့နောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဓာတ်မြေသြဇာများ၊ သီးနှံမျိုးစေ့များနှင့် ကြွက်သတ်ဆေးများကို တောင်သူများအား ထောက်ပံ့ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါအခမ်းအနားသို့  တက်ရောက်လာသည့် တောင်သူများအား သဘာဝမြေသြဇာ ပြုလုပ်နည်းစနစ်များကို  လက်တွေ့ပြသကာ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Read 381 times Last modified on Friday, 29 September 2017 08:11