SJ WorldNews - шаблон joomla Авто

နန္ဒဝန်ဈေးနှင့် ပဒေသာဈေး၌ စားသုံးရန် မသင့်သော အစားအစာများ ရောင်းချခြင်းရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေး

Friday, 29 September 2017 08:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၈

ဈေးကွက်အတွင်း စားသုံးရန် မသင့်သည့် အစားအစာများနှင့် ပတ်သက်၍ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒဝန်ဈေးနှင့် ပဒေသာဈေးတို့၌ ပြုလုပ်သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် ဈေးများအတွင်း ရောင်းချနေသော ထုတ်လုပ်မှု ရက်စွဲနှင့် ပါဝင်သည့်ပစ္စည်းများ ဖော်ပြထားခြင်း မရှိသော မုန့်များ၊ ဆိုးဆေးပါဝင်သည့် ငရုတ်ချဉ်ရည်ထုပ်များ၊ ကျန်းမာရေးနှင့် မညီညွတ်သည့် တရုတ်မုန့်များ၊ မှိုပါဝင်သည့် ငရုတ်သီးခြောက်များကို သိမ်းဆည်းကာ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

''ဒီဈေးတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်မုန့်တွေ အများကြီး ရောင်းချတယ်လို့ အသင်းကို တိုင်ကြားလာလို့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် တာဝန်ရှိသူတွေနဲ့ အခုလိုပူးပေါင်း စစ်ဆေးခဲ့ကြတာပါ။ တော်တော်များများလည်း သိမ်းဆည်းရမိတယ်''ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် ကပြောသည်။

ယင်းကဲ့သို့ စစ်ဆေးဆောင်ရွက်မှုကို နန္ဒဝန်ဈေးတွင် နံနက် ၉ နာရီက လည်းကောင်း၊ ပဒေသာဈေးတွင် နံနက် ၁၁နာရီခန့်က လည်းကောင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆေးမှုတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန (အရှေ့ပိုင်းခရိုင်) မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းနှင့် သက်ဆိုင်ရာ ဈေးစည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့သော ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများကို သိမ်းဆည်းဖျက်ဆီးပစ်ပြီး ဆိုင်ပိုင်ရှင်များအား နောက်ပိုင်းတွင် ယခုကဲ့သို့ ကျန်းမာရေးနှင့် မညီညွတ်သည့်မုန့်များကို ရောင်းချခြင်း မပြုရန် ပညာပေးကာ နောက်တစ်ကြိမ် ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ခံဝန်လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း သိရသည်။

Read 326 times Last modified on Friday, 29 September 2017 08:32