SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

(၁၁)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

Friday, 29 September 2017 08:33 font size decrease font size decrease font size increase font size increase font size

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကျင်းပသည့် (၁၁)ကြိမ် မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အမှာစကား ပြောကြားရာတွင် ခွေးရူးရောဂါသည် တိရစ္ဆာန်မှ လူကိုကူးစက်စေတတ်သည့် ရောဂါများထဲတွင် အလွန်အရေးကြီးသည့်ရောဂါ တစ်ခုဖြစ်ကြောင်း၊ကာကွယ်ဆေးဖြင့် ကာကွယ်ထိန်းချုပ်နိုင်သည့် ရောဂါတစ်ခု ဖြစ်သော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင်လူတစ်ဦး၊ တစ်နှစ်လျှင် လူဦးရေ ၅၅ဝဝဝ မှ ၇ဝဝဝဝ ခန့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးလျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ခွေးရူးရောဂါ ဖြစ်ပွားကူးစက်မှုများ တွေ့ရှိနေရသေးသည့် အနေအထားရှိကြောင်း။

ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့(FAO)စသည့် နိုင်ငံတကာ အဖွဲ့အစည်းကြီးသုံးခုက ခွေးရူးရောဂါကို တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသော ကျန်းမာရေးဆိုသည့် အတွေးအမြင်ဖြင့် အရေးကြီးရောဂါ အဖြစ် ကာကွယ်နိုင်ရန် ကြိုးစားနေကြကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် အမျိုးသားအဆင့် ခွေးရူးရောဂါ ထိန်းချုပ်ရေး မဟာဗျူဟာ မူဘောင်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ်ထိ လယ်ဝေးမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် မှော်ဘီမြို့နယ် အပါအဝင် အခြားမြို့နယ်တို့တွင်လည်း ခွေးရူးရောဂါ ကာကွယ်စေနိုင်ရန်အတွက် ခွေးအကောင်ရေ ၃၃ဝဝဝဝ ခန့်ကို ကာကွယ်ဆေးထိုးပေးနိုင်မှုများ ဆောင်ရွက်ခဲ့ ကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ တာဝန်ရှိသူ များက ခွေးရူး ရောဂါ ထိန်းချုပ်ခြင်းနှင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ၏ အခန်းကဏ္ဍကို ဆွေးနွေးတင်ပြကြသည်။

မြန်မာနိုင်ငံသည် ခွေးရူးရောဂါဖြစ်ပွားဆဲ နိုင်ငံပေါင်း ၁၅ဝ တွင်ပါဝင်နေပြီး ခွေးရူးရောဂါကူးစက်ခံရနိုင်မှု ဘေးအန္တရာယ်ရှိသော နိုင်ငံအဖြစ် သတ်မှတ်ခံထားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတင်း အချက်အလက်များအရ သိရှိရပြီး ခွေးကောင်ရေ လေးသန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းတွက် ချက်ထား၍ ပိုင်ရှင်မဲ့လေလွင့် ခွေးကောင်ရေ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ခွေးရူးရောဂါ ကင်းစင်သော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ ပေါ်ထွက်လာနိုင်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 334 times Last modified on Friday, 29 September 2017 08:38