SJ WorldNews - шаблон joomla Авто

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေး အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြပါရန် တိုက်တွန်း နှိုးဆော်

Friday, 29 September 2017 08:47 font size decrease font size decrease font size increase font size increase font size

 

၁။      မြန်မာနိုင်ငံသည် သယံဇာတများ ပေါကြွယ်ဝသည့်အပြင် သမိုင်းတန်ဖိုးကြီးမားသည့် ''ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်'' များ၏ ဂုဏ်သတင်းကြောင့်လည်း ကမ္ဘာ့နိုင်ငံများ၏ အလေးထား ဂရုပြုခြင်းခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

၂။      နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ''ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်'' များကို တွေ့ရှိ၍ တာဝန်သိစွာ နိုင်ငံတော်သို့ သတင်းပို့ခြင်း၊ အပ်နှံခြင်းများ ရှိသကဲ့သို့ တာဝန်မဲ့စွာ သတင်းပို့၊ အပ်နှံရန် ပျက်ကွက်ခြင်းများလည်း ရှိနေပါသည်။ ထို့ပြင် တရားမဝင်သော နည်းလမ်းများဖြင့် ရှာဖွေတူးဖော်ခြင်း၊ ပြည်တွင်း/ပြည်ပသို့ တရားမဝင် သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချရန် လက်ဝယ်ထားရှိခြင်းများလည်း ရှိနေပါသည်။

၃။      ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ပျက် ဆုံးရှုံးစေခြင်းသည် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် သမိုင်းကြောင်းကို စနစ်တကျ ဖျက်ဆီးခြင်းဖြစ်ပါသည်။

၎။   နိုင်ငံတော်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန် ဥပဒေများ ထုတ်ပြန်ထားပါသဖြင့် အောက်ဖော်ပြပါ ဥပဒေပုဒ်မတို့နှင့် သက်ဆိုင်သော ပြစ်မှုပြစ်ဒဏ်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်-

     (က) ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)ပါ သတ်မှတ်ချက်များနှင့် အညီ ခွင့်ပြုချက် လျှောက် ထားရယူခြင်း မရှိဘဲ ရှေးဟောင်းဝတ္ထုပစ္စည်းများ တူးဖော်ခြင်း၊ ရှာဖွေခြင်း၊ ပြည်တွင်း/ပြည်ပသို့ သယ်ယူခြင်း၊ ဆောင်ရွက်ခြင်းအတွက် ပုဒ်မ ၁၅၊ ၁၆ နှင့် ၁၈ တို့အရ အများဆုံးထောင်ဒဏ် ၁ဝ နှစ်ဖြစ်စေ၊ အများဆုံးငွေဒဏ် ကျပ်သိန်း ၁ဝဝ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။

    (ခ) ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂)အရ ကင်းလွတ်ခွင့်ပြုထားသည့် ကိစ္စရပ်များမှ တစ်ပါး အခြားမည်သူမဆို ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ရောင်းချရန် စုဆောင်းခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းပြုလျှင် ဥပဒေပုဒ်မ ၁၇ အရ အများဆုံးထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ အများဆုံးငွေဒဏ် ကျပ်သိန်း ၃ဝ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၅။      သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန်  တိုက်တွန်းနှိုးဆော် အပ်ပါသည်။ 

 သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန

 

Read 434 times Last modified on Friday, 29 September 2017 08:49