SJ WorldNews - шаблон joomla Авто

မြန်မာရေကြောင်း ညီလာခံ ၂ဝ၁၉ နှင့် ရေကြောင်းဆိုင်ရာ ပြပွဲကျင်းပ

Thursday, 07 November 2019 08:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ 

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေကြောင်း ကဏ္ဍအရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံ ရေကြောင်းအတတ်ပညာရှင်များ အသင်းမှ   ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် မြန်မာရေကြောင်း ညီလာခံ ၂ဝ၁၉ နှင့် ရေကြောင်း လုပ်ငန်းဆိုင်ရာပြပွဲကို နိုဝင်ဘာ ၆ ရက်က  ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

''ပင်လယ်ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ သင်္ဘောသားတွေတင် မဟုတ်ဘဲ သင်္ဘောနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို ဆိုလိုပါတယ်။  အဓိကက  ရေကြောင်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနဲ့ သင်္ဘောသား တွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အတွက် ဒီညီလာခံမှာ စုပေါင်းဆွေးနွေးတယ်။ ညီလာခံမှာ ပင်လယ်ရေ ညစ်ညမ်းမှုကို ကာကွယ်မယ့် အချက်တွေနဲ့ ထိန်းသိမ်း စောင့်ရှောက်ရမယ့်     အချက်တွေကိုပါ စုပေါင်းဆွေးနွေးတယ်။ ပြီးတော့  မြန်မာ သင်္ဘောသားတွေ အလုပ်အကိုင်အခွင့်အလမ်း  ပိုမိုကောင်းမွန်လာစေဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ  ပိုမိုရရှိစေဖို့၊ ကျွမ်းကျင်ကြဖို့နဲ့ နိုင်ငံခြား ကုမ္ပဏီတွေက လည်း လုပ်သားတွေရဲ့ အရည်အချင်းကို ကြည့်ပြီး အလုပ်ခန့်အပ်လာနိုင်ဖို့ ဒီညီလာခံကနေ မီးမောင်းထိုးပြမှာပါ''ဟု မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင် ကပြောသည်။

ညီလာခံသို့ သင်္ဘောလုပ်ငန်းခွင် ဝင်ရောက်ကြမည့် ရေကြောင်းကောလိပ်နှင့် ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းသားလူငယ်များ တက်ရောက်ကြပြီး ဆိပ်ကမ်းနှင့် သင်္ဘောလိုင်းများ၊ ပြည်ပသင်္ဘောလိုင်းများ အပါအဝင် ရေကြောင်းနှင့် ပတ် သက်သော ပညာရပ်များ ပို့ချသည့်ကျောင်းများမှ ပြခန်းများကိုလည်း ပြသထားသည်။                      

မြန်မာနိုင်ငံ၌   မှတ်ပုံတင်ထားသည့် သင်္ဘောသား အရေအတွက်   တစ်သိန်းခန့်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများ အနက် ဖိလစ်ပိုင် နိုင်ငံပြီးလျှင် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ကြသည့် သင်္ဘောသားဦးရေ အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ယခုအခါ  နည်းပညာရပ်များ ပိုမိုထွန်းကားလာသည်နှင့်အမျှ   အလုပ်အကိုင်များ    ရေရှည်တည်မြဲရေး အတွက် ညီလာခံ၌  ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌  ကမ်းရိုးတန်းသွားနှင့်  မြစ်ကြောင်းသွား သင်္ဘောများ အဆင်ပြေစေရန် ထိန်းချုပ် ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များ၊  သင်္ဘောနှင့် ဆက်စပ်သည့် အလုပ်သမားများနှင့် အာမခံလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုကဲ့သို့  ညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။  

Read 26 times Last modified on Thursday, 07 November 2019 08:52