SJ WorldNews - шаблон joomla Авто

သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ ရက်ကန်းစင်တော် ခုနစ်စင်ဖြင့် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ပူဇော်မည်

Friday, 08 November 2019 08:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  နိုဝင်ဘာ 

နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်နေ့)  အရုဏ်တက်တွင်  ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ (၂၂)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ပူဇော်ပွဲကို ရက်ကန်းစင်တော် ခုနစ်စင်ဖြင့်  စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်းစေတီတော်ဂေါပက အဖွဲ့ရုံးမှ သိရသည်။

(၂၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲကို  သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်  ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပမည်ဖြစ်ပြီးဖွင့်ပွဲကို စေတီတော်တောင်ဘက်မုခ် ရင်ပြင်၌ နိုဝင်ဘာ ၁ဝ ရက် ညနေ  ၅ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။

မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို ရက်ကန်း စင်တော်ခုနစ်စင်ဖြင့်  ကျင်းပမည်ဖြစ်ရာ စင်တော်တစ်စင်လျှင်  ရက်ကန်းခတ်သူ၊ ရက်ကန်းအကူနှင့်   စင်တော်တာဝန်ခံတို့ အပါအဝင် သုံးဦးစီ  ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင်  စင်တော်များသည်  ၄၅ မိနစ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၁၅ မိနစ်နားဖြင့်   နာရီပေါင်း ၄ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။

ရက်ကန်းစင်တော်ခုနစ်စင်မှ မသိုးရွှေကြာသင်္ကန်း ခုနစ်စုံထွက်ရှိမည်ဖြစ်ရာ ဆုပေးပွဲကို ညသန်းခေါင်ယံ ၁၂ နာရီခန့်တွင် ကျင်းပသွားမည်ဖြစ်ပြီး   ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် စတုတ္ထဆုများ ပေးအပ်မည်ဖြစ်သည်။

ထို့နောက် တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်နံနက် ၄ နာရီတွင် ရက်လုပ်ပြီးသော မသိုးရွှေကြာသင်္ကန်း ခုနစ်စုံအား စေတီတော်ဂေါပကအဖွဲ့နှင့်   စင်တော် အသီးသီးမှ ပြိုင်ပွဲဝင်များက ပင့်ဆောင်ကာ  ကမ္ဘာအေးစေတီတော်ကြီးအား လက်ယာရစ်တစ်ပတ် အပူဇော်ခံယူပြီး  စေတီတော်ကြီး၏   သတ်မှတ် ရုပ်ပွားတော်ခုနစ်ဆူအား ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း   သိရသည်။           

Read 17 times Last modified on Friday, 08 November 2019 08:27