SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့တွင်းရှိ လမ်းမကြီးများ နံဘေး၌ လမ်းဘေးဈေး ရောင်းချမှု မရှိစေရေး ဆောင်ရွက်

Friday, 08 November 2019 09:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့တွင်း မြို့နယ်လေးမြို့နယ်ရှိ လမ်းမကြီးများ၏ နံဘေး၌ လမ်းဘေး ဈေးသည် ရောင်းချမှုမရှိစေရေး ဦးစားပေး ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန ဌာနမှူးဦးကျော်မင်း၏ ပြောဆိုချက်အရ သိရသည်။

ယခုအခါ လမ်းနံဘေး၌သာမက လမ်းမပေါ်ထိ ကျူးကျော် ဈေးရောင်းချနေသည်ကို တွေ့ရှိပါက ခင်းကျင်း ရောင်းချနေသည့်   ဆိုင်၏အမိုးအကာများ၊ ထိုင်ခုံများ၊ လှည်းစသည်တို့ကို သိမ်းဆည်း အရေးယူလျက်ရှိသည်။

ထို့ပြင် လမ်းမတော်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့ရှိ လမ်းဘေးဈေးသည်များကို ကမ်းနားညဈေးဘက်သို့ ရွှေ့ပြောင်းပေးခဲ့သော်လည်း မူလနေရာများ၌သာ ပြန်လည် ရောင်းချနေသောကြောင့် လမ်းဘေးဈေးသည် ရှင်းလင်းရေး လုပ်ငန်းများ   ပိုမိုဆောင်ရွက်နေကြောင်း သိရသည်။

''အဲဒီမြို့နယ်လေးခုကို  နေ့ညမပြတ် လိုက်လံစစ်ဆေး ထိန်းသိမ်းနေပါတယ်။

ထိန်းသိမ်းတဲ့အခါမှာ ၂၄ နာရီစလုံး မလုပ်နိုင်သေးတဲ့ အတွက် ထိန်းသိမ်းတဲ့ အချိန်မှာ ရှင်းလင်းပြီး  မထိန်းသိမ်းတဲ့အချိန် ပြန်ရောင်းတာတွေ့ရတယ်''ဟု ဦးကျော်မင်း ကပြောသည်။

ရန်ကုန်မြို့ရှိ တခြားမြို့နယ်များ၌လည်း လမ်းဘေးဈေးသည်များ စည်းကမ်းမဲ့ ရောင်းချနေမှုကို  ရှောင်တခင် စစ်ဆေး ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

''လမ်းဘေးဈေးသည် ပပျောက်အောင် လုပ်နေသလို အလုပ်အကိုင် အခွင့်အလမ်းနဲ့ စားဝတ်နေရေး အဆင်ပြေအောင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့  စဉ်းစားပေးရတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

ရန်ကုန်မြို့ရှိ လမ်းမကြီးများနံဘေး၌ ရောင်းချနေသည့် လမ်းဘေးဈေးသည်များ ပပျောက်စေရေး စည်ပင်ဥပဒေဖြင့် စတင် အရေးယူဆောင်ရွက်နေပြီး  လမ်းဘေး ဈေးသည်များ  ဈေးများ၌ ရောင်းချနိုင်ရန် ဆက်လက် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။                     

Read 20 times Last modified on Friday, 08 November 2019 09:43