SJ WorldNews - шаблон joomla Авто

ချောင်းဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သည့်အမြင့်မြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများ မျှော်လင့်

Monday, 11 November 2019 11:03 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာခရိုင် ချောင်းဦးမြို့နယ်ရှိ  ရှေးဟောင်းအမြင့်မြို့အား ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုကြောင့် ဒေသဖွံ့ဖြိုး တိုးတက်စေရေး မျှော်လင့်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ရှေးဟောင်းအမြင့်မြို့ ယဉ်ကျေးမှုနယ်မြေတွင် ယိုးဒယားမူ ယိုးဒယားဟန် ရှေးနံရံဆေးရေးပန်းချီများ၊ အမြင့်မြို့စား မင်းလက်ဝါးကြီး ဆောက်လုပ်လှူဒါန်းခဲ့သည့်   ကျွန်းတိုင်ပေါင်း ၁၃၆ တိုင်ပါရှိသည့် ဘုံပြန်ကျောင်းတိုက်၊ မင်းကြီးစွာစော်ကဲ ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျွန်းတိုင်ပေါင်း ၁၁၉  တိုင်ပါရှိသည့် မင်းရဲကျောင်းတိုက်နှင့် ရှေးဟောင်းစေတီ ပုထိုးများရှိသည်။ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့်   ရေလမ်းဖြင့်    လာရောက်နိုင်သကဲ့သို့  ကုန်းလမ်းမှလည်း လာရောက်လည်ပတ်နိုင်ကြောင်း အမြင့်ရှေးဟောင်းဒေသ တာဝန်ခံ ကိုဇော်လွင်ဦးထံမှ သိရသည်။

““အမြင့်မြို့ဟောင်းမှာ  ယိုးဒယားမူ ယိုးဒယားဟန်  နံရံဆေးရေးပန်းချီတွေကို လည်း လေ့လာနိုင်ပါတယ်။အမြင့်မြို့ကို   ရှေးဟောင်းယဉ်ကျေးမှု သတ်မှတ်လိုက်ပြီးတဲ့ နောက်မှာတော့ ရှေးဟောင်း သုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာနအနေနဲ့ ဘတ်ဂျက်ရရှိသလောက်  ဘုရားတွေကို ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းနေပါတယ်”” ဟု  ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန  အမြင့်ဒေသ တာဝန်ခံ ကိုဇော်လွင်ဦး ကပြောသည်။

ရှေးဟောင်းအမြင့်မြို့ ယဉ်ကျေးမှု နယ်မြေသို့ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ပါက ဒေသရှိ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်  တောင်း၊ ဖျာလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့၏ လက်မှုလုပ်ငန်းများကို ခရီးသွားဧည့်သည်များအား ပြသခွင့်ရရှိပြီး ဒေသအတွင်း၌ပင် ခိုင်မာသည့်ဈေးကွက်တစ်ခုဖြင့် ရောင်းချနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း အမြင့်ရှေးဟောင်းဒေသရှိ တောင်း၊ ဖျာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

““တောင်း၊ ဖျာလုပ်ငန်းကတော့  မိရိုးဖလာလုပ်လာတာပါ။  ဘုရားပွဲတွေနဲ့ တောင်သူတွေ သီးနှံပေါ်ချိန်တွေမှာ လိုက်ရောင်းတာပါ။ အခုလိုခရီးသွားတွေ လာတဲ့အခါမှာ ကျွန်မတို့ရဲ့ တောင်းလုပ်ငန်းကို နှစ်သက်သဘောကျပြီး  ၀ယ်ယူကြမယ်ဆိုရင် အခြားနေရာတွေကို  လိုက်ရောင်းစရာမလိုဘဲ ဒီမှာပဲရောင်းချနိုင်ဖို့ မျှော်လင့်ပါတယ်””ဟု  ရှေးဟောင်းအမြင့်မြို့ ယဉ်ကျေးမှုနယ်မြေရှိ    တောင်း၊  ဖျာလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ခင်မိုးမြင့်က ပြောသည်။

အမြင့်မြို့သည် စေတီပုထိုးပေါင်း ၁၅၄ ဆူနှင့် ရှေးဟောင်းဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်းရှိကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် ရှေးဟောင်းစေတီပုထိုးများ၏ အနုပညာလက်ရာများကို ပြန်လည်ဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အမြင့်မြို့အား ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ၂၀၁၂ ခုနှစ်က စတင်၍ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းအမြင့်မြို့   ယဉ်ကျေးမှု နယ်မြေသည်   စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ခရီးသွားဇုန် ခြောက်ဇုန်ရှိသည့် အနက် မုံရွာခရီးသွားဇုန်တွင်  ပါဝင်ပြီး မုံရွာမြို့နှင့်    ၁၃ မိုင် ၅ ဖာလုံ၊  ချောင်းဦးမြို့နှင့် ၇ မိုင်သာ ကွာဝေးကြောင်း သိရသည်။ 

Read 37 times Last modified on Monday, 11 November 2019 11:04