မွန်ပြည်နယ် သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၁ ရက် (တန်ဆောင်မုန်းလပြည့်နေ့)မွန်းလွဲပိုင်းက ကျင်းပသည်။
ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲတွင် သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကြာသင်္ကန်းကပ်အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က ရွှေကြာသင်္ကန်းတော်နှင့် လှူဖွယ်ပစ္စည်းများကို အဖွဲ့လိုက် စီတန်းကိုင်ဆောင်ကာ လှည့်လည်ကြပြီး စေတီတော်ထက်သို့ ကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
''ဒီဘက်နယ်တစ်ကြောမှာတော့ တန်ဆောင်မုန်းလရောက်တိုင်း စေတီတော်တွေကို ဒီလိုကပ်လှူတဲ့ဓလေ့ရှိတယ်။ ဒီစေတီတော်က ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် အချိန်ကတည်းက တည်ထားကိုးကွယ်ခဲ့ပြီးတော့ ကြာသင်္ကန်းကပ်လှူပွဲကို အစဉ်အဆက် ကျင်းပလာခြင်း ဖြစ်ပါတယ်။ နှစ်တိုင်းလိုလိုလာပြီး ဆက်ကပ်လှူဒါန်းတဲ့ အဖွဲ့တွေများလာတယ်''ဟု ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။
ကြာသင်္ကန်းပြုလုပ်ရာတွင် သင်္ကန်းအစကို တစ်ပေခန့်အကျယ်ဖြင့် လိုသလောက်အရှည်သတ်မှတ်ကာ ချုပ်လုပ်ပြီး ပန်းကနုတ်များ အရောင်များထည့်သွင်းကာ စေတီတော်မြတ်အား ကပ်လှူပူဇော်ကြခြင်း ဖြစ်ကြောင်း သိရသည်။
သက်ဦး(သထုံ)