SJ WorldNews - шаблон joomla Авто

၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

Thursday, 14 November 2019 08:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုဝင်ဘာ  ၁၃

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆုစိစစ် ရွေးချယ်ရေး အဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

ဝတ်္ထုရှည်ဆုတွင်   ပထမဆုကို   ကေ(တောင်တန်းပြာ)၏ သစ္စာရင်နှင့်ခြားခဲ့ရသောမြေ၊ ဒုတိယဆုကို ယွန်းမြတ်မွှန်းသျှန်၏ ရေဆာတဲ့မြစ်၊ တတိယဆုကို မောင်နေခြည်(ပြည်)၏ သူတို့လောက သူတို့ဘ၀စာမူများက လည်းကောင်း၊  ၀တ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို  သုတိသြဘာ(ဆင်ပေါင်ဝဲ)၏ တစ်ဆုပ်ဆန်ကျောင်းအပါအ၀င် အခြားဝတ္ထုတိုများ၊ ဒုတိယဆုကို နေစိုးသော်၏ အ၀ိဇ္ဇာဝတ္ထုတိုပေါင်းချုပ်၊ တတိယဆုကို ကျိုက်စကော ခင်စိုး၏ မငိုပါနဲ့အမေရယ်နှင့် အခြားဝတ္ထုတိုများက လည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင်   ပထမဆုကို  မောင်ဟန်တင့် (ပင်လည်ဘူး)၏ စိန်စီသောမြစ်နှင့် အခြားကဗျာများ၊ ဒုတိယဆုကို ခက်လှိုင်းကျော်၏ ညဥ့်သုံးယံခါ အလင်္ကာကဗျာများ၊ တတိယဆုကို အထ၀ါစိုး(မန္တလေး)၏ စာပွင့်ဝတ်မှုန်ကဗျာစာမူများက လည်းကောင်း ရရှိကြသည်။

ထို့ပြင်  သုတပဒေသာ(၀ိဇ္ဇာ)ဆုတွင် ဒုတိယဆုကို မေမြန်မာ၏ နာမည်နှင့် မြန်မာ၊ တတိယဆုကို မောင်ခွန်နွယ်(အင်းလေး)၏ တော်ဝင်လက်ဖက် နတ်သစ်ရွက်ကလည်းကောင်း၊ သုတပဒေသာ(သိပ္ပံ)ဆုတွင် ပထမဆုကို ကိုတူး(သာယာမြိုင်)၏ ပိုးဇာပုံနှိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်း အတတ်ပညာ၊ တတိယဆုကို မောင်အောင်(မွေးကု) (စာပေဗိမာန်စာမူဆုရ)၏ ကျေးလက်စီးပွား တိုးတက်ရေး ကျွဲ၊ နွား၊ ကြက်၊ ၀က် တိုးချဲ့မွေး စာမူများက လည်းကောင်း ရရှိကြပြီး စာပေပဒေသာဆုတွင် ပထမဆုကို ထက်ခိုင်၏ စေတနာလမ်းက လျှောက်ခဲ့ပါ၊ ဒုတိယဆုကို မင်းသျှင်အောင်(တွံတေး)၏ ရာမဇာတ်ထဲက ရေကျော်မောင်မောင်၊ တတိယဆုကို နေအောင်သူ(ကနီ)၏ ကနီခရီးသည်က လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ဒုတိယဆုကို ဇော်လွင်ဦး(ဟင်္သာတ)၏ ထနော့ကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို မောင်လွန်းမြိုင်(ပင်လယ်ဘူး)၏ ၀လုံးစောင်းစောင်း ပန်းပေါင်းကုဋေ ကလေးကဗျာများ၊ ဒုတိယဆုကို ပုလောစိုးနံ့သာ၏ သားစုဘူး ကလေးကဗျာများ၊ တတိယဆုကို ညွန့်ဝင်း(နတ်တလင်း)၏ တတ်သိလိမ္မာ ရင်သွေးရတနာ ကလေးဝတ္ထုတိုများက လည်းကောင်း၊ လူငယ်စာပေဆုတွင် ဒုတိယဆုကို တင်လင်းဇော်၏ အညတရကျွန်တော်၊ တတိယဆုကို နိုက်၏ သမီးနှင့်သားသို့ပေးစာများက လည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို ငွေလမင်း(မကွေး)၏ နေကောင်းပါတယ်၊တတိယဆုကို မောင်လွယ်အိတ်၏ခေတ်သစ် ဂေါတမီ စာမူများက လည်းကောင်း အသီးသီးရရှိကြသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆု ငွေကျပ် ဆယ်သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်းတို့ ချီးမြှင့်သွားမည်ဖြစ်သည်။

စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ်္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၈ ခုနှစ်အတွက် ပြိုင်ပွဲသို့တင်သွင်းလာသော စာမူ ၂၄၈ ခုကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားကာ  ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ်(၅၂၉၊ ၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှု ကော်မတီ တယ်လီဖုန်းအမှတ်-၀၁-၃၈၁၄၄၉ သို့အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၈)လက်မရောင်စုံဓာတ်ပုံ  နှစ်ပုံနှင့်ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်နှင့်အတူ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို နိုဝင်ဘာ ၂၇ ရက် (ဗုဒ္ဓဟူးနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

 (သတင်းစဉ်)

Read 40 times Last modified on Thursday, 14 November 2019 08:55