၂ဝ၁၉ ခုနှစ် မန္တလေး နိုင်ငံတကာကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့တော်ခန်းမ ကုန်စည်ပြပွဲ မုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကုန်စည်ပြပွဲ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုသည်။
မန္တလေး နိုင်ငံတကာကုန်စည်ပြပွဲတွင် အီလက်ထရွန်နစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အလှကုန်များ၊ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဂျပန်နိုင်ငံမှ တင်သွင်းလာသော မော်တော်ယာဉ်အမျိုးမျိုး၊ ဥရောပနိုင်ငံများမှ တင်သွင်းသော အမျိုးသားစီးမော်တော်ဆိုင်ကယ်များ၊ ယာဉ်အပိုပစ္စည်းများ၊ စက်ဆီချောဆီများ အပါအဝင် ပြခန်းပေါင်း ၅ဝ ကျော် ခင်းကျင်းပြသထားသည်။ အဆိုပါ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြသရောင်းချ လျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)