SJ WorldNews - шаблон joomla Авто

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ သတင်း အချက်အလက် များနှင့်ပတ်သက်၍ ကြိုတင် ခန့်မှန်းချက်များကို ဘာသာပြန်ဆိုခြင်းနှင့်အသုံးပြုခြင်း သင်တန်းဖွင့်

Saturday, 30 September 2017 08:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၂၉

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ  သတင်းအချက်အလက်များနှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်းချက်များကို   နားလည်လွယ်စေရန် ဘာသာပြန်ဆိုခြင်းနှင့် အသုံးပြုခြင်း သင်တန်းကို နေပြည်တော်ရှိ Royal  ACE ဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသ၊ ဇလဗေဒနှင့် မြေငလျင်ဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် ကျေးရွာအဆင့်အထိ    သိရှိနားလည်ပြီး အဓိပ္ပာယ်ကို ဘာသာပြန်ဆို အသုံးပြုတတ်စေရန် ရည်ရွယ်၍ Christian  aid  နှင့် RIMES တို့က မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနနှင့် ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။

''ကျွန်မတို့ဌာနက ထုတ်ပြန်လိုက်တဲ့ မိုးလေဝသ၊ ဇလဗေဒနဲ့ မြေငလျင်ဆိုင်ရာတွေကို ကျေးရွာပြည်သူလူထုတွေ သိရှိဖို့လိုအပ်ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ဘာသာရပ်တွေက  ပညာရပ်ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့အတွက် ထုတ်ပြန်လိုက်တဲ့ အချက်တွေကို ရပ်ရွာအခြေပြုအထိ နားလည်သဘောပေါက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အခုလို ကျေးရွာအဆင့်အထိသိရှိအောင် ဖွင့်လှစ်နိုင်တဲ့အတွက် ထိရောက်တဲ့ သင်တန်းဖြစ်ပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မိုးလေဝသ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုချိုရှိန် ကပြောသည်။

အဆိုပါသင်တန်းကို စီမံကိန်းမြို့နယ်များ ဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ကျေးရွာ ၁၅ ရွာနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှ ကျေးရွာ ၁၅  ရွာ စုစုပေါင်းကျေးရွာ  ၃ဝ တို့တွင် ဖွင့်လှစ်ပြီး ယင်းကျေးရွာတို့မှ   ဒေသခံလူငယ်များနှင့် ဝန်ထမ်းများကို သင်ကြားပေးနေခြင်းဖြစ်သည်။

''မိုးလေဝသနဲ့   သတင်းအချက်အလက်တွေကို စီမံကိန်းဒေသမှာရှိတဲ့ တောင်သူတွေ နားလည်အောင် အခုလိုသင်တန်းတွေပေးတာ ဖြစ်ပါတယ်။ RIMES အနေနဲ့ စီမံကိန်းဒေသတွေကို သင်တန်းတွေ ပေးရုံသာမက ဒီအတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ၊  ဆက်သွယ်ရေးကိရိယာတွေ၊ ကြိုတင်သတိပေးနိုင်တဲ့ စက်ပစ္စည်းတွေကို ထောက်ပံ့ပေးနေပါတယ်''ဟု RIMES မှ  စီမံကိန်းအရာရှိ ဒေါ်စုစုမြင့်ကပြောသည်။

ဖယ်ခုံမြို့နယ်မှ သင်တန်းသား ကိုသော်ဇင်ဟိန်းက  ''ကျွန်တော်တို့ အခုလိုသင်တန်း တက်ရတဲ့အတွက် ရာသီဥတုနဲ့မိုးလေဝသကို ကွဲကွဲပြားပြားသိခဲ့ရတယ်။ အပူချိန်ရဲ့သင်္ကေတတွေသိလာတယ်။ မုတ်သုံရဲ့ သဘောတရားတွေ၊ စိုက်ပျိုးရေးအတွက် ကြိုတင်ပြင်ဆင်နိုင်တဲ့ အခြေအနေတွေ၊ မြစ်ရေကြီးခြင်း၊ လေဖိအား တိုင်းတာခြင်းနဲ့ အခြားဗဟုသုတများစွာ ရရှိခဲ့ပါတယ်''ဟု ပြောသည်။

အဆိုပါသင်တန်းသို့ စီမံကိန်းကျေးရွာ ၃ဝ မှ ဒေသခံ လူငယ်သင်တန်းသား  ၃ဝ နှင့် ဝန်ထမ်း ၁ဝ ဦးတို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၃ဝ ရက်အထိ ဆက်လက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။             

Read 400 times Last modified on Saturday, 30 September 2017 09:00