SJ WorldNews - шаблон joomla Авто

ရွှေဧရာကမ်းခြေ အပန်းဖြေစခန်းသစ်တွင် ပင်လယ်ပြင် အလှအပများကို ကြည့်ရှုခံစားရင်း အပန်းဖြေအနားယူနိုင်

Monday, 09 December 2019 08:49 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစွာ သွားရောက်နိုင်သည့် ရွှေဧရာကမ်းခြေ အပန်းဖြေစခန်းသစ်ကို ဘိုကလေးမြို့နယ် ဧရာကျေးရွာအုပ်စု ဧရာကျေးရွာ၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းရွှေဧရာ အပန်းဖြေစခန်းသစ်သည် ဧရာဝတီမြစ်လက်တက်၏ အဆုံးနေရာတွင် တည်ရှိပြီး မော်လမြိုင်ကျွန်းမြို့နှင့် ဘိုကလေးမြို့တို့မှ တိုက်ရိုက်သွားလာနိုင်သည်။ ဘင်္ဂလားပင်လယ်အော်၏အဝတွင် တည်ရှိသဖြင့်  ပင်လယ်ပြင်အငွေ့အသက်၊ ရှုခင်းရှုကွက်ကိုခံစားရသည်။  ရေတိမ်သောင်ပြန့်ပေ ၁ဝဝဝ ကျော်ရှိသဖြင့် ရေကစားသူများအတွက် အန္တရာယ်မရှိဘဲ ဘေးကင်းလုံခြုံမှုရှိသည်။ ပင်လယ်စာ အစားအစာမျိုးစုံတို့ကို သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ပြီး ပင်လယ်အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်ကြသည်။

ပင်လယ်ကမ်းစပ်တွင် ရောင်စုံရွှေခရုများကိုလည်း တပျော်တပါး ကောက်ယူနိုင်သည်။

ရွှေဧရာကမ်းခြေမှာ ၃ မိုင်ကျော်ရှည်လျားသဖြင့်   လမ်းလျှောက်အပန်းဖြေသူများအတွက် လေကောင်းလေသန့် ရရှိသည်။

ဘန်ဂလိုများတွင် တည်းခိုလိုသူများအတွက် ကမ်းခြေနှင့်မျက်နှာချင်းဆိုင်တွင် ဘန်ဂလိုအဆောက်အအုံ ၁ဝ လုံး၊ ကမ်းခြေဥယျာဉ်အတွင်း ဘန်ဂလိုအဆောက်အအုံ ၁ဝ လုံးနှင့် ငါးခန်းတွဲ အဆောင်တစ်ဆောင်ရှိသဖြင့် ပြည်တွင်းပြည်ပခရီးသွား ၁ဝဝ ကျော် ညအိပ်တည်းခိုနေနိုင်မည် ဖြစ်သည်။

ရွှေဧရာကမ်းခြေ အပန်းဖြေစခန်းသစ်၏ ပတ်ဝန်းကျင်ကျေးရွာများ ဖြစ်သော သပေါ့အိုင်၊ ဆေးရိုးကွင်း၊ သောင်တာ၊ ဝါးတောကုန်းနှင့်  သပြေရိုးကျေးရွာတို့ကလည်း ပင်လယ်ဒေသထွက် ပစ္စည်းမျိုးစုံတို့ကို ရွှေဧရာကမ်းခြေစခန်းသို့ လာရောက်ရောင်းချကြသည်။

ရွှေဧရာကမ်းခြေ အပန်းဖြေစခန်းသစ်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်တို့နှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိပြီး အချိန်တိုတိုဖြင့် သွားလာမှု အဆင်ပြေကုန်ကျစရိတ်သက်သာစွာ သွားရောက်နိုင်သော ကမ်းခြေ အပန်းဖြေစခန်းသစ် ဖြစ်ကြောင်း သိရသည်။  မော်ကျွန်းမြင့်အောင်

Read 45 times Last modified on Monday, 09 December 2019 08:50