SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်ဆီးဂိမ်းတွင် ဘိလိယက်၊ ကရာတေး၊ လက်ဝှေ့၊ မြားပစ်၊ ပြေးခုန်ပစ်နှင့် နပန်းအားကစားနည်းတို့မှ မြန်မာအသင်း ဆုတံဆိပ်များ ထပ်မံဆွတ်ခူး

Tuesday, 10 December 2019 09:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ    အားကစားကွင်း/အားကစားရုံ အသီးသီး၌   ကျင်းပလျက်ရှိရာ ယနေ့တွင် ဘိလိယက်အားကစားနည်းမှ ငွေတစ်ခု၊ ကရာတေးအားကစားနည်းမှ ကြေးတစ်ခု၊ လက်ဝှေ့အားကစားနည်းမှ ငွေတစ်ခု၊ မြားပစ်အားကစားနည်းမှ ကြေးတစ်ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတစ်ခုနှင့် နပန်းအားကစားနည်းမှ ကြေးနှစ်ခု ထပ်မံဆွတ်ခူး ရရှိခဲ့သည်။

Manila  Hotel Tent ၌ ကျင်းပသော အမျိုးသားတစ်ဦးချင်း  English ဘိလိယက်ပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်တွင်   မြန်မာနှင့်စင်ကာပူတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ နေသွေးဦးက ရှုံးနိမ့်သဖြင့် ငွေတံဆိပ်တစ်ခုနှင့် အမျိုးသားတစ်ဦးချင်း 9ball Pool ကွာတားဖိုင်နယ် ပွဲစဉ်တွင် မြန်မာမှ ဘုန်းမြင့်ကျော်က ဗီယက်နမ်ကစားသမားကို အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။

PICC Forum ၌ ကျင်းပသော လက်ဝှေ့အားကစားပြိုင်ပွဲ အမျိုးသမီး ၅၅ ကီလိုတန်း ဗိုလ်လုပွဲစဉ်တွင်   မြန်မာမှ  နွယ်နီဦးက အိမ်ရှင်ဖိလစ်ပိုင် ကစားသမားကို ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်တစ်ခုသာ ရရှိခဲ့သည်။

World Trade Center Halls A, B & C ၌ ကျင်းပသည့် ကရာတေးအားကစားပြိုင်ပွဲ အမျိုးသားသုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းက အိမ်ရှင်ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ခဲ့သည်။ အမျိုးသမီး  ကုမိတဲ့ +၆၁ ကီလိုတန်းပွဲစဉ်တွင် မြန်မာမှ နွေးနွေးဇော်ဝင်းက ကြေးတံဆိပ်တစ်ခုရရှိခဲ့ပြီး အမျိုးသား ကုမိတဲ့ -၇၅ ကီလိုတန်းပွဲစဉ်တွင် မြန်မာမှ ဇော်မင်းထက်က အိမ်ရှင်ဖိလစ်ပိုင်ကိုရှုံးနိမ့်ခဲ့သည်။ New  Clark  City  Aquatics Center (Clark) ၌ကျင်းပသော ရေကူးပြိုင်ပွဲ အမျိုးသားမီတာ ၅ဝ Free  Style ဗိုလ်လုပွဲစဉ်တွင် မြန်မာမှ ဝင်းထွဋ်ဦးက အဆင့်(၄)နေရာ၊ အမျိုးသမီး မီတာ ၁ဝဝ  Heat  ပြိုင်ပွဲတွင်  နန်းဟန်နီဦးက အဆင့်(၇) နေရာသာ ရရှိခဲ့သည်။

New Clark  Athletics  Stadium ၌ ကျင်းပသည့် အမျိုးသား ၂ဝ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာမှ မိုင်းညီညီမိုးက ကြေးတံဆိပ်တစ်ခုနှင့် ပြည့်ဖြိုးထွန်းက  အဆင့်(၄)နေရာကို လည်းကောင်း၊ အမျိုးသမီး မီတာ ၈ဝဝ ဗိုလ်လုပွဲစဉ်တွင် မြန်မာမှ ရွှေလီမြင့်က အဆင့်(၆)နေရာနှင့် သီသီမွန်က အဆင့်(၇)နေရာကို လည်းကောင်း၊ အမျိုးသား ၁ဝ မျိုးစုံပြိုင်ပွဲတွင် မြန်မာမှ ပိုင်ကိုဝင်းက အဆင့်(၇)နေရာကို လည်းကောင်း ရရှိခဲ့သည်။       

SCC  Angeleles University Foundation  ၌ ကျင်းပသည့် နပန်းပြိုင်ပွဲ အမျိုးသား ၅၅ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ မျိုးကိုက ထိုင်းကို ၁၅ မှတ်  ၇ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင်  အိမ်ရှင်ဖိလစ်ပိုင် အသင်းကို  ၄ မှတ်  ၃ မှတ်ဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အမျိုးသား ၆ဝ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ ဝဏ္ဏထွန်းက ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး ၅ဝ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ ကေသီခိုင်က ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။

CDC Parade Grounds, Clark City ၌ ကျင်းပသည့် မြားပစ်ပြိုင်ပွဲအမျိုးသမီး တစ်ဦးချင်း Compound ပွဲစဉ်တွင် မြန်မာမှ စုစုလှိုင်က စင်ကာပူကစားသမားကို  အနိုင်ရရှိကာ   ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာအားကစားအဖွဲ့ ဒုတိယခေါင်းဆောင် ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

မြန်မာနိုင်ငံ အနေဖြင့် ယနေ့အထိ ရွှေသုံးခု၊ ငွေ ၁၈ ခု၊ ကြေး ၄၄ ခု ရရှိပြီး အဆင့်(၈)နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

Read 53 times Last modified on Tuesday, 10 December 2019 09:53