SJ WorldNews - шаблон joomla Авто

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စာ

Tuesday, 10 December 2019 10:48 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ဆွေးနွေး

နေပြည်တော်    ဒီဇင်ဘာ   

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်   ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးသည်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်လွင်က စိစစ်ရေး ပူးပေါင်းကော်မတီ၏ စိစစ်ချက်အရ  ဥပဒေတစ်ခုလုံးကို   ပြင်ဆင်ခြင်း မဟုတ်ဘဲ အချို့ကိုပြင်ဆင်ဖို့ တင်ပြထားခြင်းဖြစ်ကြောင်း ၊ပြင်ဆင်မည့် ပုဒ်မများ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ရဲ့ ပုဒ်မ ၅၊ ၅၉ (ဂ)နဲ့ ၂၀၁ (က) (ခ)တို့ဖြစ်ကြပြီး စကားရပ် အစားထိုးခြင်းနဲ့ စကားရပ် ပယ်ဖျက်ခြင်းတို့ကို  ခိုင်မာတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာဖို့     ပြင်ဆင်လိုခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊     ကျောင်းကုန်း   မဲဆန္ဒနယ်မှ    ဦးသိန်းထွန်း အပါအ၀င် ကိုယ်စားလှယ် ၁၄၃ ဦးတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို    ၈-၂-၂၀၁၉ ရက်မှ စတင်တင်ပြခဲ့ကြောင်း၊ ပြင်ဆင်လိုတဲ့ ဥပဒေ ရည်ရွယ်ချက်ကို ပါဝါပွိုင့်မှာပါတဲ့ ဖက်ဒရယ်ကို အခြေပြုဖော်ဆောင်ဖို့နဲ့ တိုင်းရင်းသားများလိုလားနေတဲ့ မိမိတို့ပြည်နယ် ၀န်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်နိုင်ရေး ရည်ရွယ်ခြင်း  ဖြစ်ကြောင်း။

 ပြည်ထောင်စုလွှတ်တော်ရဲ့ စာ(၁၅/ ၂၀၁၉)ဖြင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ၄၅ ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ဖွဲ့စည်းတဲ့ လုပ်ငန်းတာဝန်(၁၄)ချက်မှာ ပါတဲ့ အပိုဒ်(င) ကို ပါဝါပွိုင့်နဲ့ ဖော်ပြထားကြောင်း၊ ၁၂-၇-၂၀၁၉ ရက်မှာ အစီရင်ခံစာ ထွက်ပေါ်လာပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အသစ်ပြင်ဆင်ခြင်း စသည့်အချက် ၃၇၆၅ ချက်ရှိပြီးတော့ NLD ကပြင်ဆင်ရန် ၁၁၄ ချက်၊ တိုင်းရင်းသားပါတီ လူနည်းစုက ပြင်ဆင်လိုတဲ့ အချက် ၃၆၅၁ ချက်ရှိကြောင်း၊  ဒါတွေကို ပူးပေါင်းကော်မတီမှာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ တိုင်းရင်းသားပါတီ အနည်းစုရဲ့ ပြင်ချင်တဲ့ အချက်တွေကို မဲခွဲဆုံးဖြတ်တဲ့ စနစ်နဲ့ဆိုရင် လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားရမလို ဖြစ်နေကြောင်း။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ပြင်ဆင်လိုတဲ့ ပုဒ်မများသည် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာထဲက တိုင်းရင်းသား ပါတီတွေပြင်လိုတဲ့အချက်နဲ့   ကိုက်ညီနေကြောင်း၊ ပူးပေါင်းကော်မတီလုပ်ငန်းမှာ ထည့်သွင်းလိုက်တဲ့ အတွက် တိုင်းရင်းသားတွေ လိုလားတဲ့ဖက်ဒရယ်နဲ့    ဒီမိုကရေစီဆိုတာ ဝေးနေမှာပဲဖြစ်ကြောင်း၊   မိတ်္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းအပါအ၀င် ကိုယ်စားလှယ် ၁၄၅ ဦးက ၁၅-၃-၂၀၁၉ ရက်မှာ ပြင်ဆင်မယ့် ဥပဒေမူကြမ်းကို ဒုတိယအကြိမ် ထပ်မံတင်ပြလိုကြောင်း၊ ပုဒ်မတွေ ပြင်ဆင်ရန်ဖြစ်ကြောင်း၊ ထောက်ခံဆွေးနွေးသူ ၁၇ ဦး၊ ကန့်ကွက် ရှစ်ဦးနှင့်ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် ဥပဒေမူကြမ်း ရေးဆွဲရေး လုပ်ငန်းစဉ်မှာတစ်ပေါင်းတည်း ထည့်သွင်း ဆောင်ရွက်သင့်ကြောင်း မှတ်ချက်ကိုလည်း ထောက်ခံမဲနဲ့ ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း၊ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာထဲက တိုင်းရင်းသားတွေ ပြင်ဆင်လိုသည့် အချက်နဲ့ ညီညွတ်နေတာ   တွေ့ရမှာဖြစ်ကြောင်း၊ ဒီအချက်တွေကို ပြင်ဆင်ရေး အခန်း - ၁၂ ပါအတိုင်း ဆောင်ရွက်ရင် တိုင်းရင်းသားများ လိုလားချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါလျက်နဲ့ အချိန်ကုန် ကြန့်ကြာသွားသည်ကို ဝေဖန်ထောက်ပြလိုကြောင်း။

ဗိုလ်မှူးချုပ်မောင်မောင် အပါအ၀င် ကိုယ်စားလှယ် ၁၄၄ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂(က) အပိုဒ် (၁) (၂) (၃) (၄)နှင့် (၅) စသည့် ပြင်ဆင်လိုတဲ့ ဥပဒေကို ထပ်ပြီးတင်ပြလိုကြောင်း၊ ထောက်ခံဆွေးနွေး သူ ၂၂ ဦး၊ ကန့်ကွက်ခြောက်ဦး ရှိပြီး ၄၅ ဦး ကော်မတီ၏     ပြင်ဆင်ရေးထဲမှာပဲ တစ်ပြိုင်တည်း ယှဉ်တွဲပြင်ဆင်ရန်    မဲခွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ပူးပေါင်းကော်မတီ အစီရင်ခံစာထဲက တိုင်းရင်းသားပါတီ အစုအဖွဲ့က ပြင်ဆင်လိုတဲ့အချက်နဲ့ ကိုက်ညီနေတာ တွေ့ရမှာဖြစ်ကြောင်း၊   ဆောင်ရွက်လိုက်တဲ့ ကိစ္စသည် တိုင်းရင်းသားအရေးကို အလေးမထားဘဲ    ပြင်ဆင်လိုတဲ့အတိုင်း ထပ်မံ ဆောင်ရွက်လိုက်တယ်လို့ ထောက်ပြဆွေးနွေးလိုကြောင်း၊    ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၂၀ (စ) မှာ တပ်မတော်သည် နိုင်ငံတော် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ဖော်ပြထားကြောင်း၊ အခြေခံမူများ၏ ပုဒ်မ ၆အချက်များကို အထောက်အကူပြု ထားတာဖြစ်ကြောင်း။

 တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားတာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ရေး မူဝါဒနှင့်အညီ    အခြေခံမူ(၄၈)ချက်ကို မထိခိုက်ဘဲ   ကျန်အချက်များ ပြင်သင့်ပြင်ထိုက်ပါက အခန်း - ၁၂ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ရန် ရပ်တည်သွားမယ်ဆိုတာ တင်ပြလိုကြောင်း၊  ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ခေတ်အဆက်ဆက် မငြိမ်းချမ်းတဲ့ ဒေသတွေအတွက် အမျိုးသားပြန်လည်ပေါင်းစည်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ NCA ကိုအခြေခံပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်မှတစ်ဆင့် အမျိုးသားအဆင့် ဆွေးနွေးပွဲများ   ပြုလုပ်ခဲ့ကြောင်း၊ လွှတ်တော်မှာ စာချုပ်အစိတ်အပိုင်း (၁)နဲ့(၂)တို့ကို အတည်ပြုထားပြီးဖြစ်ကြောင်း၊ အကောင်အထည် ဖော်နိုင်ပြီလားဆိုတာ ထောက်ပြလိုကြောင်း၊ ရှေ့မှာ တင်ပြခဲ့တဲ့ ပြင်ဆင်ရေး ကိစ္စတွေကို ပူးပေါင်းကော်မတီ၏ တစ်ပြိုင်တည်း ယှဉ်တွဲပြင်ဆင်ရန် ဆိုတာနဲ့ ဆုံးဖြတ်လိုက်ပါကြောင်း၊ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်အပေါ် နာယကက   ယခုကျင်းပတဲ့ လွှတ်တော်သက်တမ်းမှာအပြီး ဆောင်ရွက်မယ်လို့ ပြောခဲ့ကြောင်း၊   ၁၂-၇-၂၀၁၉  ရက်  ပူးပေါင်းကော်မတီ သဘောထားမှတ်ချက် အစီရင်ခံစာ အပိုဒ်-၂၃ မှာ ပါဝါပွိုင့်ထဲပါတဲ့ အကြံဉာဏ် ရယူဆောင်ရွက်မယ်လို့ ဖော်ပြထားကြောင်း၊ ယခု ၂၀၁၉ နှစ်ကုန်တော့မှာဖြစ်ကာ ၂၀၂၀ ရောက်တော့မည်ဖြစ်ပြီး ရွေးကောက်ပွဲကာလလည်း ရှိကြောင်း၊ ကျန်တဲ့အချိန်မှာ ဒီပုဂ်္ဂိုလ်၊ အဖွဲ့အစည်းနဲ့ ဘယ်လိုညှိနှိုင်းမှာလဲ၊ ဥပဒေ ပြုစုတဲ့အခါ အချိန်ကာလတစ်ခုအထိ ကြာနိုင်တယ်ဆိုတာ စဉ်းစားထားလား။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ကျန်တဲ့လုပ်ငန်းစဉ်တွေ ရှိကြောင်း၊  DDR - SSRကိစ္စ၊ ကျန်အဖွဲ့တွေ  NCA မှာ ပါလာဖို့ ကြိုးစားရဦးမည်ဖြစ်ကြောင်း၊  အားလုံးပါဝင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတာ ဖော်ဆောင်နိုင်ဖို့ သတိပြုစေလိုကြောင်း။

ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို ကြည့်တဲ့အခါ အရေအတွက်နဲ့ အချိုးမညီတာ တွေ့ရကြောင်း၊ ကော်မတီက ဆောင်ရွက်နေတာ တိုင်းရင်းသားတွေ လိုလားချက်ကို ဖော်ဆောင်ပေးနိုင်မှာလား၊     ဒီလိုဆိုရင် အခန်း ၁၂ အတိုင်း ကိုယ်စားလှယ်တွေ ပြင်ဆင်ချင်တာ ဘာလို့မဆောင်ရွက်တာလဲ မေးချင်ကြောင်း၊ ဦးစိုင်းသန်းနိုင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အပါအ၀င် ကိုယ်စားလှယ်များ ပြင်ဆင်ရန် တင်ပြထားတဲ့ ဥပဒေ မူကြမ်းအပေါ် အခန်း-၁၂ ပါ ပြဋ္ဌာန်းချက်များ၊  လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆောင်ရွက်ပေးပါရန် တောင်းဆိုလိုကြောင်းနှင့်    အမှန်ကို မျက်ကွယ်ပြုပြီး အမှားနဲ့ မဆောင်ရွက်ဖို့ သုံးသပ်ဆွေးနွေးသည်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁၅)ခန်း၊ ပုဒ်မ၊ ပုဒ်မခွဲတွေအပါအ၀င် အစိတ်အပိုင်း(၁၅၀၅)ခုနှင့် ပေါင်းစပ်ဖွဲ့စည်းတယ်ဆိုတာ    လေ့လာဖူးသူတိုင်း သိမှာဖြစ်ကြောင်း၊  ဒါကို  နိုင်ငံရေးပါတီ၁၄ ခုက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြချက် စုစုပေါင်း ၃၇၆၅  ချက်ရှိပြီး  ၄၅ ဦးကော်မတီက ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲစအချိန် ၉-၁-၁၉၉၃ ရက်မှ ၃-၉-၂၀၀၇ ရက်အထိ နယ်ပယ်စုံ၊ ကဏ္ဍစုံမှ ကိုယ်စားလှယ် ၁၀၈၈ ဦးဖြင့် အချိန်ကာလ ဆယ်စုနှစ်တစ်ခုကျော် ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲစဉ်အချိန်က ပါဝင်ဆောင်ရွက်ခဲ့သူများသည် အဲဒီခေတ်၊ အဲဒီအချိန်ကဖြစ်နေတဲ့   အခြေအနေ၊ ပြည်တွင်းပြည်ပ   ပယောဂပေါင်းစုံအပေါ် ထင်ဟပ်စေမည့် ခံစားသက်ဝင်စေမယ့် အခြေအနေတွေကို ထင်ဟပ်ပြီး နိုင်ငံတော်နှင့်  နိုင်ငံသား တိုင်းရင်းသားပြည်သူတွေ အတွက်  စိတ်ရင်းစေတနာကို ရှေးရှုပြီး အဘက်ဘက်က စဉ်းစား၊ ချင့်ချိန်၊ သုံးသပ်၊ ဆွေးနွေး၊ ညှိနှိုင်းတိုင်ပင် အဖြေရှာခဲ့တာ ဖြစ်ကြောင်း၊ ဒီနောက် ၂၉-၅-၂၀၀၈ မှာ ပြဋ္ဌာန်းခဲ့ခြင်းကြောင့် သက်တမ်းအားဖြင့် ကိုးနှစ်သာ ရှိသေးတာဖြစ်ကြောင်း။

ယနေ့ကာလခေတ် အခြေအနေ၊ အချိန်အခါတွေနဲ့  အံဝင်ခွင်ကျ မဖြစ်တော့တဲ့၊ လိုက်လျောညီထွေမဖြစ်တဲ့   နိုင်ငံသား တိုင်းရင်းသားတွေနဲ့ မျှော်လင့်ချက်ဆန္ဒနဲ့ မညီတဲ့ အခြေခံဥပဒေပါ ပုဒ်မ ၊ ပုဒ်မခွဲတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေကို လုပ်ဖို့ လိုလာတာဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း ၁၉-၂-၂၀၁၉၊ ဒေါက်တာမောင်သင်း  ၂၉ -၅ -၂၀၁၉ ၊ ဗိုလ်မှူးချုပ် မောင်မောင် ၁၀-၉-၂၀၁၉ ၊ ဗိုလ်မှူးချုပ် အောင်စန်းချစ်  ၁၇-၉-၂၀၁၉၊  ဦးစိုင်းသန်းနိုင်  ၁၈-၉-၂၀၁၉  တို့က နိုင်ငံသားတိုင်းရင်းသားများ အရေးရှေးရှုပြီး ဥပဒေကြမ်း (၅)ရပ် တင်ခဲ့တာဖြစ်ကြောင်း၊  ကိုယ်စားလှယ် ငါးဦး၏ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ပြင်ဆင်ရန် တင်ပြခဲ့ကြတဲ့ ဥပဒေမူကြမ်း (၅)ရပ်ကို ၃၀ ဦးကော်မတီက လေ့လာစိစစ်၊ အပြန်အလှန်ဆွေးနွေး   သက်ဆိုင်တဲ့ နယ်ပယ်ကသူတွေ ဖိတ်ခေါ် ၊ အကြံဉာဏ်ရယူ၊     အကျေအလည် ဆွေးနွေးပြီး အစီရင်ခံစာ တင်ပြရကြောင်း၊  ဒီအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးပါဝင်ဆွေးနွေးခွင့် ပြုရမှာဖြစ်ကြောင်း၊ ဒါမှ ALL Inclusive ဖြစ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသား တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရာရောက်ပြီး သူတို့ရဲ့ရင်ထဲက အသံကိုကြားနိုင်သလို လိုလားချက်တွေ၊ အိပ်မက်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေတာတွေကို ကိုယ်စားလှယ်များ အားလုံးမြင်နိုင်၊ ကြားနိုင်မှာဖြစ်ကြောင်း၊ ယင်းသို့ ခံစားသက်ဝင်ပြီး လေးလေးနက်နက် လုပ်ဆောင်ခဲ့တာကို ၃၀ ဦးကော်မတီရဲ့ အစီရင်ခံစာမှာ မတွေ့ရတဲ့အတွက် ထောက်ပြဆွေးနွေး နေရတာ ဖြစ်ကြောင်း။

ကိုယ်စားလှယ် ငါးဦးရဲ့ ပြင်ဆင်ရန် တင်ပြခဲ့တဲ့ ဥပဒေမူကြမ်း (၅) ရပ်ပါ ပုဒ်မ၊ ပုဒ်မခွဲ ၂၃ ခုကိုကြည့်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့    လုပ်ပိုင်ခွင့် လျှော့ချပြီး ပြည်နယ်အစိုးရ အဖွဲ့တွေကို အာဏာဖြန့်ခွဲ လုပ်ပိုင်ခွင့်ပြုရန်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ပိုမိုအားကောင်းစေရန်၊ ပြည်ထောင်စုစနစ် ပီပြင်အောင်ဖော်ဆောင်ရန်၊ နိုင်ငံသား တိုင်းရင်းသားတွေရဲ့    အကျိုးစီးပွားကို ကာကွယ်ပေးရန် စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊   အလားသဏ္ဌာန်တူ     ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်   ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၀-၃-၂၀၁၃ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ရေး ၀က်လက် မဲဆန္ဒနယ်မှ ဦးသူရအေးမြင့်က အဆိုတင်ခဲ့ပြီး ၂၅-၇-၂၀၁၃ ရက်မှာ ကိုယ်စားလှယ် ၁၀၉  ဦးနဲ့ ဖွဲ့စည်းပြီး ၃၁-၁ -၂၀၁၄  ရက်မှာ အစီရင်ခံစာတင်ကြောင်း၊ ၃-၂-၂၀၁၄  ရက်မှာ  ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို  ကိုယ်စားလှယ် ၃၁ ဦးနဲ့ ဖွဲ့စည်းပေးခဲ့ကြောင်း။

အစည်းအဝေး (၄၆)ကြိမ် ဆောင်ရွက်ပြီး ၂၂-၁၀-၂၀၁၄ ရက်မှာ   အပြီးသတ် အစီရင်ခံစာ တင်ခဲ့တာဖြစ်ကြောင်း၊ စတင်တင်သွင်းခဲ့သည့် ရက်မှစပြီး   ကိုးလခန့် ကြာခဲ့တာ တွေ့ရကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ  ကိုယ်စားလှယ်များကို ပါဝင်ဆွေးနွေးစေခဲ့တာ    တွေ့ရကြောင်း၊ နိုင်ငံရေး ပါတီများကို    ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ၏ ပါဝင်ဆွေးနွေးမှုကို လေ့လာနိုင်ကြောင်း၊ အဲ့ဒီအချိန်တုန်းက အခုပြင်ဆင်ရန်   အဆိုပြုတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲ အများစုဟာ ယခုအာဏာရပါတီရဲ့ ကိုယ်စားလှယ်များ အားတက်သရော ဆွေးနွေးခဲ့တဲ့ အချက်တွေပဲဖြစ်ကြောင်း၊ သို့ပေမယ့် အဲဒီအချိန်က တက်ကြွစွာ ဆွေးနွေးထောက်ပြခဲ့ကြတဲ့ ကိုယ်စားလှယ်များက ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့  နှာစေးနေတာကို  စိတ်မကောင်းစွာ တွေ့ရကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ငါးဦးက ပြင်ဆင်ရန် တင်ပြခဲ့ကြတဲ့ ဥပဒေမူကြမ်း (၅)ရပ်ဟာ ပထမအကြိမ်လွှတ်တော် သက်တမ်းမှာ  အာဏာရပါတီ ကိုယ်စားလှယ်တွေက နိုင်ငံသား တိုင်းရင်းသားများအတွက် ရှေးရှုတယ်၊ ကိုယ်စားပြုတယ်ဆိုပြီး ပြင်ဆင်လိုတဲ့ ၊ ပြင်ဆင်ရန် လုပ်ဆောင်ခဲ့တဲ့ ပုဒ်မ၊   ပုဒ်မခွဲတွေနဲ့ တူညီနေတာ တွေ့ရကြောင်း၊ သို့ပေမယ့်  အဲ့ဒီအချိန်တုန်းက စိတ်ဆန္ဒ ပြင်းပြခဲ့တာတွေဟာ အခုအချိန်မှာတော့ ကိုယ်နဲ့မဆိုင်သလို လုပ်မနေသင့် တော့ဘူးလို့ပြောလိုကြောင်း၊ အဲ့ဒီအချိန်က စိတ်ဆန်္ဒပြင်းပြမှုတွေ၊ အားစိုက်ဆောင်ရွက်မှုတွေ ပျောက်ကွယ်နေတာတွေ့ရကြောင်း၊ ဘယ်လိုမှ   မဖြစ်သင့်တဲ့ကိစ္စဖြစ်ကြောင်း၊ အာဏာရပါတီရဲ့ ပထမအကြိမ်လွှတ်တော် သက်တမ်းမှာ ပြင်ဆင်လိုတဲ့  ပုဒ်မ၊ ပုဒ်မခွဲတွေဟာ ယခုပြင်ဆင်ရန် တင်ပြခဲ့တဲ့ ၃၇၆၅ ချက်ပါ ပြင်ဆင်ချက် ၁၁၄ ချက်နဲ့ မကိုက်ညီဘဲဖြစ်နေတာကို တွေ့ရကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးကိုကြည့်ပါက ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဆိုတာ မရှိတာကို   မြင်နိုင်ကြောင်း၊ အခြေအနေ၊ အချိန်အခါနဲ့ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ   ဆောင်ရွက်ရတာဖြစ်ကြောင်း။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း(၁၂)ကို   ထည့်သွင်းရေးဆွဲခဲ့တာ ဖြစ်ကြောင်း၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မယ်ဆိုရင် အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊

အမေရိကန်နိုင်ငံရဲ့    အခြေခံဥပဒေကို ၁၇၈၉ ခုနှစ် မတ်လမှာပြဋ္ဌာန်းခဲ့ကြောင်း၊ စက်တင်ဘာလမှာ စပြင်ကြောင်း၊ ဒီဇင်ဘာလမှာ  ၁၀ ချက် ပြင်ဆင်နိုင်ခဲ့ကြောင်း၊ ထူးခြားမှုအနေနဲ့ နှစ်ပေါင်း ၂၃၀ ကျော်အတွင်းမှာ အချက် ၂၇ ချက်သာပြင်ဆင်ခဲ့တာ ဖြစ်ကြောင်း၊ အိန်္ဒိယက ၇၈ ကြိမ်၊ ထိုင်းက ၁၉ ကြိမ်၊ ဂျာမနီက ၁၃၂ ကြိမ်၊ ကနေဒါက ၃၁ ကြိမ် ပြင်ဆင်ခဲ့တာ တွေ့ရကြောင်း၊ ပြင်ဆင်ရန် ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်တွေနဲ့ အညီသာ စည်းကမ်းရှိရှိပြင်ခဲ့တာကို သတိချပ်စေလိုကြောင်း၊ အခြေခံဥပဒေ တစ်အုပ်လုံးကို ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြင်သင့်ပြင်ထိုက်တာတွေကိုသာ သူတို့နိုင်ငံသားတွေ အတွက် ပြင်ဆင်ခဲ့တာကို  အတုယူရန်လိုကြောင်း၊ ကိုယ်စားလှယ်ငါးဦးက ပြင်ဆင်ရန် တင်ပြတဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေဟာ နိုင်ငံတော်နဲ့နိုင်ငံသား ဖြစ်တဲ့ တိုင်းရင်းသားတွေ အခွင့်အရေးပိုမို ရရှိဖို့၊  လုပ်ပိုင်ခွင့် ပိုမိုရရှိဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ပိုမိုအားကောင်း ခိုင်မာစေမယ့် ပြင်ဆင်ချက်တွေဖြစ်ကြောင်း၊ ဆောလျင်စွာ မဆောင်ရွက်ပါက ပြည်ထောင်စုရဲ့ အနှစ်သာရကို ထိခိုက်စေမှာဖြစ်ကြောင်း၊ တစ်စတစ်စနဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့မြေပုံကိုပါ ပြန်ဆွဲရတဲ့အထိ မဖြစ်ရအောင် စိတ်ရင်းစေတနာ မှန်ကန်စွာ တင်ပြခဲ့တာဖြစ်ကြောင်း၊ မူဝါဒတွေနဲ့အပြောတွေ ကြားမှာ မျောပါမသွားစေချင်တာကြောင့် ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်ရန် မသင့်ကြောင်းနဲ့    ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆက်လက်ဆောင်ရွက် သင့်ကြောင်း၊ အစီရင်ခံစာ(၇၅/၂၀၁၉)အား ကန့်ကွက်ကြောင်း ဆွေးနွေးသည်။

ပျော်ဘွယ်မဲဆန်္ဒနယ်မှ ဦးသောင်းအေးက ယခုလွှတ်တော်ကို တင်သွင်းထားတဲ့ ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ (၇၅/၂၀၁၉)၏ အစီရင်ခံစာပါ လေ့လာ သုံးသပ်ချက်များဟာ လွှတ်တော်မှာ ရှေ့ကတင်သွင်းခဲ့သည့် အစီရင်ခံစာများနဲ့ ထပ်တူသာဖြစ်ကြောင်း၊ အစီရင်ခံစာ စာပိုဒ် ၅ ၌ ““ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက တင်သွင်းသော ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများသည် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းချက်အချို့ကိုသာ ပြင်ဆင်တာဖြစ်ကြောင်း””၊ စာပိုဒ် ၆ ၌““ပြည်ထောင်စုလွှတ်တော်က အမိန့်နှင့် ဖွဲ့စည်းခဲ့သောပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) တစ်ခုလုံးအပေါ် သုံးသပ်ပြင်ဆင်နေတာဖြစ်တယ်””ဟု ယခင်အစီရင်ခံစာများ အတိုင်း ရေးသားတင်ပြထားတာ တွေ့ရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း (၁၂)မှာ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်လို့ ပုဒ်မ ၄၃၃ ၌ ““ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက အောက်ဖော်ပြပါ    သတ်မှတ်ထားသော နည်းလမ်းများ အတိုင်း ဆောင်ရွက်ရမည်”” လို့ ရှင်းလင်းစွာ ရေးထားကြောင်း၊ အင်္ဂလိပ်လိုလည်း Any Provision လို့ ရေးသားထားကြောင်း ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုသာ ပြင်ရန်ဖြစ်ပြီး အားလုံးသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် All Provision လို့ ဖော်ပြထားခြင်း မဟုတ်ကြောင်း၊    ထို့ကြောင့် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြဋ္ဌာန်းချက်တစ်ရပ်ရပ်စီ ပြင်ဆင်ရန် တင်ပြနေခြင်းနဲ့လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ပြင်ဆင်ရေးပူးပေါင်း ကော်မတီ မူလ ၄၅ ဦးအဖွဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးပြင်ဖို့လုပ်နေခြင်း၊ ဘယ်ဟာမှန်ပါသလဲ၊    ဘယ်လုပ်ရပ်က ဥပဒေနဲ့ညီပါသလဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းချက် တစ်ရပ်ရပ်စီပြင်ဖို့ ဥပဒေပြဋ္ဌာန်းထားလျက်   ပြင်ဆင်ရေးပူးပေါင်း ကော်မတီက တစ်အုပ်လုံးကို နိဒါန်းဇယား ၅ အထိ အားလုံးပြင်ဆင်ရန် လုပ်တာ ဥပဒေနှင့် ညီညွတ်ပါသလား စဉ်းစားသုံးသပ်စေချင်ကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပင်မမိခင်ဥပဒေပါ မိမိတို့ နိုင်ငံသားအားလုံးဟာ  ဥပဒေအရ   ဒီမိုကရေစီခေတ်ကို ကူးပြောင်းနေကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥက်္ကဋ္ဌများ၊ နာယကနဲ့ နိုင်ငံတော်သမ္မတ အစိုးရအဖွဲ့၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပါတီ အားလုံးဟာ ဒီဥပဒေအရ မွေးဖွားလာတဲ့ သားသမီးတွေဖြစ်ကြောင်း၊    ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါ  ပုဒ်မများဖြစ်တဲ့  ၆၅၊ ၁၂၅ (က)၊ ၁၅၅၊  ၃၇၃(က) ၊ ၂၃၃(က)၊ ၃၈၄၊  ၄၀၅  တို့အရ နိုင်ငံတော်သမ္မတ အပါအ၀င် နိုင်ငံသားတိုင်းသည် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါ     ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိကြသူတွေ ဖြစ်ကြောင်း၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာထူးဌာနနေရာ ရလာသူတွေက  နေရာရပြီးမှ ဒီဥပဒေကြီးကို အားလုံးပြင်ဆင်ရန်၊ ပယ်ဖျက်ရန် လုပ်ဆောင်နေခြင်းဟာ အဇာတသတ်မင်းသားလို မှားယွင်းနိုင်ကြောင်း သတိပြုစေလိုကြောင်း၊  ယင်းသို့မဖြစ်စေချင်လို့ အမျိုးမျိုးသော အကြောင်းပြချက်နဲ့ ပယ်ချမှု၊ ပိတ်ပင်မှု၊ မဲခွဲဆုံးဖြတ်မှုများကြားမှ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ ပါ အတိုင်း ပြင်ဆင်သင့်တဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်စီကို အားလုံးညှိနှိုင်းပြင်ဆင်ရန်     မိမိတို့ကအကြံပြုတိုက်တွန်းနေခြင်းဖြစ်ကြောင်း၊ ဒါကိုလည်း ပုဂ်္ဂိုလ်အချို့က ပထမအကြိမ် လွှတ်တော်ကလည်း    ဒီလိုပဲပြင်ခဲ့တာမို့ ယခုလည်း ကျင့်ထုံးအရ  ပြင်ဆင်တာဖြစ်တယ်လို့ ပြောဆိုသလို    ဒီပုဒ်မကိုပြင်ရင် ရှေ့နောက်မညီညွတ်တာတွေ ရှိနေကြောင်း၊ ဒါ့ကြောင့်   အားလုံးပြင်မှ ကောင်းမယ်လို့ ပြောဆိုတာကြားရကြောင်း၊ ရှေ့ကလုပ်တာ ရှေ့လူများရဲ့ ကိစ္စဖြစ်ကြောင်း၊ ကျင့်ထုံးဆိုပေမယ့် ကျင့်သုံးသင့်မှ ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဘယ်သူဘာလုပ်လုပ် အသိဉာဏ်ပညာနဲ့  ဥပဒေပြဋ္ဌာန်းချက်ကို လိုက်နာပြီး မှန်ကန်တဲ့ အလုပ်ကိုလုပ်မှ မှန်ကန်တဲ့ အကျိုးရမှာဖြစ်ကြောင်း၊  ရှေ့နောက်မညီတာ ရှိရင်လည်း ထပ်ပြင်ရမှာဖြစ်ကြောင်း၊  ထပ်မပြင်ရဘူးလို့   ဥပဒေက  မတားမြစ်ကြောင်း၊ ဒီလိုတဖြည်းဖြည်း ညှိနှိုင်းပြင်ဆင်မှသာ သင့်လျော်တဲ့ ပြင်ဆင်မှုဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းထားလျက် ဥပဒေအတိုင်း မလုပ်ခြင်းသည် ဥပဒေကို မလိုက်နာခြင်း၊ ဖောက်ဖျက်ခြင်း သမိုင်းမှတ်တမ်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ   ၁၀၂ တွင်   ဤလွှတ်တော်ကသာ ဆွေးနွေးဆုံးဖြတ်ရမယ်၊

ဥပဒေကြမ်းများကို  ပူးပေါင်းကော်မတီက စိစစ်လေ့လာပြီးပါက လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်ကို ဥပဒေကြမ်းနှင့်အတူ လွှတ်တော်အစည်းအဝေးသို့ တင်ပြရန်ပြဋ္ဌာန်းထားကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၈ အရ ကော်မတီက   ဥပဒေကြမ်းတစ်ရပ်ရပ်နှင့် စပ်လျဉ်းလို့  ပြင်ဆင်ရန်ရှိလျှင် အကြံပြုချက် ပေးနိုင်ကြောင်း၊   ယင်းအကြံပြုချက်များသည်   ဥပဒေကြမ်းတွင် ပါတဲ့ကိစ္စနဲ့ စပ်လျဉ်းသော၊ ဥပဒေကြမ်း၏သဘောတွင် အကျုံးဝင်သော အကြံပြုချက်များ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားကြောင်း၊ လွှတ်တော်နည်းဥပဒေ ၁၃၆ မှာလည်း ““ဥပဒေမူကြမ်းကို စတင်မဆွေးနွေးမီ ယင်းဥပဒေမူကြမ်းနှင့် ကော်မတီ၏ လေ့လာစိစစ်ချက်ကို ကြိုတင်ဝေငှထားရမယ်”” လို့ ပါရှိပြီး နည်းဥပဒေ ၁၃၈ အရ ““ဆွေးနွေးရာမှာလည်း ဥပဒေမူကြမ်းပါ ပုဒ်မများရဲ့ကိစ္စရပ်မှအပ အခြားကိစ္စတွေမဆွေးနွေးရ”” လို့  ပါရှိကြောင်း၊ ယခုလွှတ်တော်က ဖွဲ့စည်းပေးသော ဥပဒေကြမ်းပူးပေါင်းကော်မတီ(၇၅/၂၀၁၉)၏ အစီရင်ခံစာသည် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ပြင်ဆင်ရန် တင်ပြလာတဲ့ ဥပဒေမူကြမ်း ပူးတွဲပါမလာတဲ့အပြင်၊ ပြင်ဆင်ရန် တင်ပြထားတဲ့ ပုဒ်မတစ်ခုစီ တစ်ပိုဒ်စီအပေါ် အကြံပြုချက် တစ်ခုတလေမျှ      မတွေ့ရကြောင်း၊ ၁၄၅ ယောက်သော ကိုယ်စားလှယ်တွေနဲ့ လုပ်ဆောင်မှု၊   တစ်နည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တင်ပြလာသည့် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ လုပ်ဆောင်မှု အပေါ်ကိုသာ ဝေဖန်နေတာ တွေ့ရကြောင်း၊  ယခုလို  ကိုယ်စားလှယ် တစ်ဦးချင်းစီနဲ့ ပါတီအစုအဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို  ဝေဖန်ပြောဆိုခွင့်  ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ရှိပါသလား၊ ဥပဒေမူကြမ်းကို မသုံးသပ်ဘဲ    လုပ်ဆောင်မှုကို သုံးသပ်အကြံပြုခြင်းဟာ    ဥပဒေပြဋ္ဌာန်းချက်နှင့် ကိုက်ညီပါသလား၊ နည်းဥပဒေ ၁၉ (ခ၊ င၊ စ၊ ဇ၊ ဈ၊ ဋ၊ ဌ) များနဲ့   ငြိစွန်းနေသလား  နာယကကြီးက လုပ်ပိုင်ခွင့်အရ စိစစ်ကြီးကြပ်ပေးရန် တင်ပြလိုကြောင်း။

““မိမိတို့သည်    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်””လို့  ကတိသစ္စာပြုထားသူများဖြစ်ကြောင်း၊  ထို့ကြောင့်   ဥပဒေကို လိုက်နာသော လွှတ်တော်အဖြစ် သမိုင်းတွင် ကျန်ရစ်အောင်  ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ပြင်ဆင်ရန်   ဆောင်ရွက်နေသည့်  ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ လုပ်ဆောင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃ ပါ ပြဋ္ဌာန်းချက်နှင့် ညီ၊ မညီ ပြန်လည်စိစစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်၊ ယခု (၁၅/၂၀၁၇ )အစီရင်ခံစာသည် ဥပဒေမူကြမ်းပါ ဥပဒေကြမ်း တစ်ခုချင်းစီကို သုံးသပ်ဆင်ခြင်မိပါက လုပ်ဆောင်ချက်များအပေါ် ဝေဖန်တာ သက်သက်ဖြစ်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပယ်ဖျက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ဦးစိုင်းသန်းနိုင်နှင့်အဖွဲ့ တင်ပြသည့် ပြင်ဆင်ချက် ဥပဒေမူကြမ်းအား   ရှေ့ကတင်ပြခဲ့သည့်   ဥပဒေမူကြမ်းများနှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၅ နှင့်အညီ ပြည်ထောင်စုလွှတ်တော်က ဆောလျင်စွာ လက်ခံဆွေးနွေး ဆောင်ရွက်ပေးပါရန် ထပ်မံ၍ အလေးအနက် တိုက်တွန်းဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးကြီးမင်းဦး က တင်သွင်းခဲ့တဲ့     ဥပဒေကြမ်းများသည် နိုင်ငံတော်အတွက်  အရေးကြီးတဲ့ ဥပဒေမူကြမ်းဖြစ်ကြောင်း၊ ဥပဒေကြမ်း၏ ရည်ရွယ်ချက်နဲ့ ပြင်ဆင်ချက်များမှာ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး   ပြည်သူလူထုဘ၀ လုံခြုံအေးချမ်းစေဖို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊  လုံခြုံရေး၊  အုပ်ချုပ်ရေးစတဲ့ နိုင်ငံ့အရေးအရာတွေကို   နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေရကြောင်း၊ အလားတူ နိုင်ငံတော်ရဲ့ အချို့သော လုံခြုံရေးနဲ့ ကာကွယ်ရေး ကိစ္စရပ်တွေမှာ အချိန်နှင့်တစ်ပြေးညီချက်ချင်း ဆုံးဖြတ်ပေးရသည်များ ရှိနိုင်ကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအဖွဲ့အစည်းနဲ့ သက်ဆိုင်ရာနယ်ပယ်များက အကြီးအကဲများ အနေဖြင့် စုပေါင်းဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပြီးမှဆုံးဖြတ်ခြင်းကသာ ပြည့်စုံမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်နိုင်ကြောင်း၊ထို့ကြောင့်   ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကိုဖွဲ့စည်းရန် ပြဋ္ဌာန်းထားရခြင်း ဖြစ်ကြောင်း။

 နိုင်ငံတော်သမ္မတကို   အကြံပေးနိုင်ရေးနဲ့ အထောက်အကူပြုနိုင်ရေး အတွက် သမ္မတ ဦးဆောင်တဲ့ ကာလုံများကို နိုင်ငံတကာမှာ အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့တာကို   တင်ပြပါအတိုင်း   တွေ့ရှိရကြောင်း၊ တင်ပြလာတဲ့ မူကြမ်းမှာ ကာလုံကို အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတ အပါအ၀င် ဒုတိယသမ္မတများနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးလေးဦး၊  ဥပဒေပြုမဏ္ဍိုင်ရဲ့အကြီးအကဲများဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊    နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက် ပါဝင်ထမ်းဆောင်ရမည့် တပ်မတော်အကြီးအကဲများ ဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အား နိုင်ငံတော်အဆင့် နယ်ပယ်စုံလင်စွာ ဖွဲ့စည်းထားသလို ပိုမိုပြည့်စုံစေရန် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ဖြည့်စွက်ထားတာ တွေ့ရှိနိုင်ကြောင်း၊ ကာလုံဟာ အမြင့်ဆုံး အဖွဲ့ဖြစ်တဲ့အတွက Cabinet လို့ခေါ်တဲ့  အစိုးရ၀န်ကြီးများအဖွဲ့ဟာ  ဒီကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မူဝါဒအဖြစ်    လိုက်နာ ကျင့်သုံးရကြောင်း၊   အစည်းအဝေးမှာ နိုင်ငံအလိုက်  အစိုးရအဖွဲ့အကြီးအကဲက ဦးဆောင်ကြောင်း၊ အဖွဲ့ဝင်တွေအကြား အမြင် မတူတာတွေ ရှိနိုင်ပေမယ့်  ဦးဆောင်တဲ့သူရဲ့အဆုံးအဖြတ်ဟာ အဓိကဖြစ်ကြောင်း၊၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာလုံကို သမ္မတဦးဆောင်ရမယ်လို့ ပါတာကြောင့်   သမ္မတကြီးရဲ့အဆုံးအဖြတ်က အဓိကဖြစ်ကြောင်း၊မိမိတို့နိုင်ငံဟာ ပထ၀ီဝင် အနေအထားအရ    ပြည်ပရဲ့ ဖိအားပေးမှုများ၊  ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စများ    မကြာခဏပေါ်ပေါက်လေ့ရှိပြီး အခုဆိုရင်လည်း စိန်ခေါ်မှုပေါင်းများစွာကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတဲ့ အခြေအနေရှိကြောင်း၊     သို့သော်လည်း ဒီပြဿနာတွေကို    ကိုင်တွယ်ဖြေရှင်း  ဆုံးဖြတ်ပေးရမယ့် ကာလုံရဲ့ ဆောင်ရွက်မှုကို မတွေ့ရကြောင်း၊ ကာလုံ ဘယ်ရောက်နေပါသလဲ။ ကာလုံခေါ်ရလောက်တဲ့ အခြေအနေမရှိဘူးလို့ ပြောတာကိုလည်း အံ့သြစွာကြားလိုက်ရကြောင်း၊ ပြောသူတွေ အနေနဲ့ ကာလုံကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဘယ်လိုဖွဲ့စည်းတယ်၊ ဘယ်လို အစည်းအဝေးတွေလုပ်တယ်၊ ဘယ်လိုအဆုံးအဖြတ်တွေ ချပြီး ကိုယ့်နိုင်ငံအရေးကို   နေ့မအားညမနား အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်ဖြေရှင်းနေသလဲဆိုတာ သိဖို့လိုအပ်နေသေးကြောင်း။

 နိုင်ငံအသီးသီးက  ကာလုံတွေက ဘာတွေလုပ်သလဲ၊ ဂဃနဏသိဖို့လိုကြောင်း၊ ကိုယ့်နိုင်ငံမှာတော့ Security ဆိုတဲ့အသံကြားရင် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲကသာ သက်ဆိုင်တဲ့ အလုပ်လို့မြင်ကြကြောင်း၊ ဒီနေ့ခေတ်မှာတော့ လုံခြုံရေးဆိုတာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့သာ သက်ဆိုင်တဲ့ စကားလုံး မဟုတ်တော့ဘဲ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ကြောင်း တင်ပြပါအတိုင်း သိစေအပ်ကြောင်း၊ ယခုကိုယ့်နိုင်ငံမှာဖြစ်နေတဲ့ အစားအသောက်တွေမှာ အဆိပ်တွေ ပါဝင်နေတာ၊ စီးပွားရေးအရ တန်းတူအခွင့်အရေးမရဘဲ ဖိနှိပ်ခံနေရတာ၊   နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်မှာ  လျှို့ဝှက်ချက်တွေ ပေါက်ကြားနိုင်တာ၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ   ကိုယ့်ကို ရန်သူသဖွယ် ကျင့်သုံးနေသူထက် နောက်ကျကျန်နေတာ၊ တရားမ၀င်လက်နက်ကိုင် အဖွဲ့တွေက နိုင်ငံတော်နဲ့ပြည်သူလူထု အကျိုးစီးပွား နှောင့်ယှက်ဖျက်ဆီးနေတာတွေဟာ  ဒီကော်မတီမှာ ပူးပေါင်းနိုင်ပြီး ဖြေရှင်းရမယ့် ပြဿနာတွေဖြစ်ကြောင်း၊ ကာလုံဆိုတာ အများနဲ့ဖွဲ့စည်းထားကြောင်း၊ ဒီကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနည်းအရ စုပေါင်းခေါင်းဆောင်တဲ့ သဘောပါဝင်ပြီး   အဖွဲ့ဝင်အားလုံးက စုပေါင်း တာဝန်ယူရမည်ဖြစ်ကြောင်း၊ ကာလုံဆုံးဖြတ်ချက် မဟုတ်ရင်တော့ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါလိမ့်မယ်။

အဲဒီတော့ ကာလုံခေါ်သင့်သလား၊  မခေါ်သင့်ဘူးလား၊ ပစ္စုပ္ပန်အခြေအနေများအရ နိုင်ငံတော်ရဲ့ အရေးကိစ္စများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရမယ့် အရေးကြီးအချိန်ဖြစ်ကြောင်း၊    သာဓကအနေနဲ့ လောက်ကိုင်-မုံးကိုး ဖြစ်စဉ်များဖြစ်ကြောင်း၊ထိပါးလာတဲ့အခြေအနေကို    လျင်မြန်မှန်ကန်စွာ ဖြေရှင်းနိုင်ခဲ့ပြီး   ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုလည်း အချိန်တိုအတွင်းမှာ တည်ဆောက်နိုင်တာကို တွေ့ရကြောင်း၊ ဒီသာဓကကို နားလည်သိမြင်တဲ့ ပြည်သူအများဟာ အရေးကြုံ/ဘေးကြုံချိန်တိုင်း  ကာလုံကိုတမ်းတကြတာကို တွေ့မြင်ကြားသိနေရကြောင်း၊ ယခုသာဓက ပါဖြစ်စဉ်မျိုးတွေ ရှိမနေဘူးလား။ ထို့ကြောင့် နိုင်ငံတော် အကျိုးစီးပွားကို   အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အပ်နှင့်ထွင်းရမည့်ကိစ္စ၊ ပုဆိန်နှင့်ခွင်းရသည့် ပြဿနာပေါင်းများစွာကို ပစ္စုပ္ပန်ရော အနာဂတ်မှာပါ  ကင်းဝေးစေရေးအတွက် ဖြေရှင်းပေးနိုင်မယ့် တင်ပြလာတဲ့ ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ( ၁၂ ) ပါပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေနှင့်အညီ လွှတ်တော်တွင် အမြန်ဆုံး ဆွေးနွေး ဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမင်းမင်းက ဦးစိုင်းသန်းနိုင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက ပြင်ဆင်ရန် တင်ပြထားသည့် ပုဒ်မများကတော့ ပုဒ်မ ၅ အား ဖြည့်စွက်ရန်၊ ပုဒ်မ ၅၉ (ဂ)အား စကားရပ် ပယ်ဖျက်ရန်နှင့် ပုဒ်မ၂၀၁ အား ဖြည့်စွက်ရန်တို့ပဲဖြစ်ကြောင်း၊ ပုဒ်မ ၅ ပြင်ဆင်ချက်ကတော့ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့်လေထုတို့ ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်းဖြစ်သည့်အပြင်  ရရှိလာသည့် အခြားနယ်မြေများ ရှိလျှင် ထိုအခြားနယ်မြေများလည်း ပါဝင်သည်ဟု   ထပ်မံဖြည့်စွက် ပြင်ဆင်ထားတာဖြစ်ကြောင်း၊ ပုဒ်မ ၅၉(ဂ)ပြင်ဆင်ချက်ကတော့  နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်း ပုဒ်မခွဲ (ဂ) မှာ ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက် ၄၅  နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု ပြဋ္ဌာန်းချက်ကို ပိုမိုတိကျစေရန်  အနည်းဆုံးဟူသော စကားရပ်ကို ပယ်ဖျက်ရန် တင်ပြထားတာပဲဖြစ်ကြောင်း၊  ပုဒ်မ ၂၀၁ မှာတော့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်အကြီးအကဲ၊ ဥပဒေပြုရေးမဏ္ဍိုင်   အကြီးအကဲနှင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ ၁၁ ဦးနဲ့ ဖွဲ့စည်းထားရှိရာမှာ အမျိုးသား ကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီ၏ တာဝန်များကို ထပ်မံဖြည့်စွက် ပြင်ဆင်ထားတာပဲဖြစ်ကြောင်း။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ တာဝန်များကို ဖြည့်စွက်ထားတာကတော့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အပ်နှင်းထားသည့် တာဝန်များကို လုပ်ဆောင်ဖို့၊ ကောင်စီအစည်းအဝေးကို သာမန်အားဖြင့် နှစ်လတစ်ကြိမ်ကျင်းပဖို့၊ လိုအပ်ပါက  အထူးအစည်းအဝေး ခေါ်ဖို့၊ အနည်းဆုံးကောင်စီဝင် ငါးဦးက တောင်းဆိုလာလျှင် အစည်းအဝေး ခေါ်ယူကျင်းပဖို့၊ ကောင်စီဝင်အားလုံးရဲ့ဆွေးနွေးချက်အပေါ် သမ္မတက  အလေးထား ဆုံးဖြတ်ပေးဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊  နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များမှာ သမ္မတကို အကြံပေးပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ စတဲ့အချက်များကို ဖြည့်စွက်ထားတာပဲ ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် အမျိုးသား  အကျိုးစီးပွားကို အလေးထား ဖော်ဆောင်ရမှာဖြစ်သလို  ကာကွယ်စောင့်ရှောက်ရမှာလည်း ဖြစ်ကြောင်း၊ နိုင်ငံတော် အရေးကိစ္စများနဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးဟာ  အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဟာ များစွာကျယ်ပြန့်ပြီး ပြည်ပရန် ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး ကဏ္ဍဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သံတမန်ရေး ကဏ္ဍများဖြစ်သလို ပြည်တွင်းအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍအနေနဲ့ ကတော့  နိုင်ငံရေး၊ စစ်ရေး၊  စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍပေါင်းစုံ လုံခြုံမှုရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း။

ထို့ပြင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့  လူသားတို့ နေ့စဉ်ဘ၀ ရှင်သန်မှုဆိုင်ရာ လူသားလုံခြုံရေး ( Human Security) မှာပါတဲ့ လူတစ်ဦးချင်းစီ လုံခြုံမှု၊ လူ့အဖွဲ့အစည်း လုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊  စီးပွားရေး လုံခြုံမှု၊ သဘာဝပတ်ဝန်းကျင် လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှု စတာတွေနဲ့ ဆက်နွှယ်လျက်ရှိတဲ့ အတွက် လူသားလုံခြုံရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမှာပဲဖြစ်ကြောင်း၊  ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း မိမိနိုင်ငံ  လုံခြုံမှုရှိဖို့၊ အမျိုးသား အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အရပ်ဘက်စစ်ဘက် ခေါင်းဆောင်များ ပူးပေါင်းဖွဲ့စည်း ဆောင်ရွက်နေကြတာပဲဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာလည်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁ မှာ ထည့်သွင်းဖွဲ့စည်းပေးထားခြင်းလည်း ဖြစ်ကြောင်း၊   လက်ရှိအခြေအနေအရ  မိမိတို့နိုင်ငံဟာ  ပြည်ပနိုင်ငံများရဲ့    ၀င်ရောက်စွက်ဖက်မှုများ တဖြည်းဖြည်း စိမ့်ဝင်လာသလို ပြည်တွင်းငြိမ်းချမ်းရေး  နှောင့်နှေးမှုတွေ ဖြစ်နေတာကြောင့် နိုင်ငံရဲ့စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဟာ ထင်သလောက်မတိုးတက်တာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် သောင်းကျန်းသူများက  ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွေမှာ ဖြစ်ပွားနေတဲ့  မြို့၊  ရွာ၊ တပ်၊ စခန်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ၀န်ထမ်းပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊  ဆက်သွယ်ရေး လမ်းကြောင်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နေတဲ့အတွက်   ဒေသခံပြည်သူလူထုများ အတိဒုက္ခရောက်ရှိကြောင်း၊ ဒေသခံပြည်သူလူထုရဲ့   အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ထို့ကြောင့်  ဦးစိုင်းသန်းနိုင် တင်သွင်းတဲ့ ဥပဒေမူကြမ်းဟာ လက်ရှိအခြေအနေအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၂)ပါအတိုင်းလျင်မြန်စွာ ဆောင်ရွက်ပေးရမှာပဲဖြစ်ကြောင်း၊  ဒါကို မသိကျိုးကျွန်ပြုပြီး ၄၅  ဦးကော်မတီထဲ ထည့်သွင်းခြင်းအား ကန့်ကွက်ကြောင်း ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံရဲ့ ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံအတွက် အသက်တမျှ အရေးကြီးတဲ့ပုဒ်မများကို စုစည်းပြီး အချိန်ယူရေးဆွဲခဲ့တာပဲဖြစ်ကြောင်း၊ ဒီလိုအချိန်ယူ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပုဒ်မတစ်ခုအား ငါးမိနစ်အတွင်း စဉ်းစားဆုံးဖြတ်ပြီး ပြင်ဆင်ရန်ကြိုးစားလို့ မရကြောင်း၊ နိုင်ငံအတွက် အသက်တမျှ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ဦးနှောက်နဲ့စဉ်းစား ဆုံးဖြတ်ရမယ့် အလုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးစိုင်းသန်းနိုင် တင်သွင်းတဲ့   ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအား လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီသာ ဆက်လက်ဆောင်ရွက်ပါရန်နှင့် ကော်မတီ၏ အစီရင်ခံစာကို ကန့်ကွက်ကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်    ဗိုလ်မှူးမိုးဦးကျော်က ဦးစိုင်းသန်းနိုင် အပါအ၀င် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းတဲ့ ဥပဒေမူကြမ်းဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁) ပုဒ်မ ၅ ၊ အခန်း (၃) ပုဒ်မ ၅၉ (ဂ) နဲ့ အခန်း (၅) ပုဒ်မ ၂၀၁ တို့ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်  အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ခိုင်မာသည့် အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်တင်သွင်းထားကြောင်း တွေ့ရှိရကြောင်း၊  ထို့ကြောင့်   နိုင်ငံတော်နှင့် နိုင်ငံသားများ လက်ရှိအကျိုး ခံစားစေရမယ့် ဥပဒေပြင်ဆင်မှု လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့   တိုက်တွန်း ဆွေးနွေးရခြင်း ဖြစ်ကြောင်း၊    ဒါပေမဲ့ ယခုတင်သွင်းထားတဲ့ ဥပဒေမူကြမ်းကိုလည်း ပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်အတိုင်း မဲခွဲဆုံးဖြတ်ကြမှာဖြစ်ကြောင်း၊  ရရှိလာမယ့် ရလဒ်ကလည်း ယခင်အတိုင်းဖြစ်မယ်ဆိုတာ သိရှိပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီ သဘောထားအရ မဲခွဲဆုံးဖြတ်ပြီး အနိုင်အရှုံး သတ်မှတ်ချက်ကို  အတည်ပြုတာကိုလည်း   နားလည် သဘောပေါက်ကြောင်း၊ အဲဒီလိုဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်က မှန်ကန်မှု၊ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာကို စဉ်းစားသုံးသပ်ဖို့ လိုကြောင်း၊  ဖြစ်နေနိုင်တယ်လို့ သုံးသပ်ရကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်ကြီးတွေ အတွင်းမှာ ဒီမိုကရေစီ ရှင်သန်လွှမ်းမိုးနေဖို့ လူများရာ အနိုင်ယူ၊    မဲများရာ အနိုင်ရတဲ့စနစ်တွေ ပြုပြင်နိုင်ဖို့ ကော်မတီများ ပြန်လည်ဖွဲ့စည်းသင့်သည်ဟု တင်ပြလိုကြောင်း၊  ပုဒ်မ ၅ နဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ ပိုင်နက်နယ်နိမိတ်တွေကို   ပိုင်ပိုင်နိုင်နိုင် လက်ခံရယူနိုင်ရန်အတွက် အလျင်အမြန်ပြင်ဆင်ဖို့ လိုအပ်တဲ့ ဥပဒေတစ်ခုဖြစ်ပြီး    တစ်မျိုးသားလုံးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့   နိုင်ငံ့အရေးကို ဦးထိပ်ထားတဲ့    ပြင်ဆင်ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊  ထို့ကြောင့် အလျင်အမြန်ပြင်ဆင်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ယခုလွှတ်တော်မှာ ဥပဒေတစ်ခုပြဋ္ဌာန်းမှုနှင့် ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို  အမျိုးသား လွှတ်တော်မှာ ၃၁-၃-၂၀၁၆  ရက်မှာစတင်ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်တွင် ၄-၄ -၂၀၁၆ ရက်တွင် တင်သွင်းကာ ၅- ၄ -၂၀၁၆ ရက်တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် အနေနဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၉ အရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းသာ ပြောကြားခဲ့သော်လည်း နောက်ရက်များတွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်က   လွှတ်တော်နှစ်ရပ် သဘောတူညီ၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည်ဟု မှတ်ယူရမည်ဖြစ်သော   ဥပဒေအဖြစ် နိုင်ငံတော်သမ္မတက    လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ နိုင်ငံတော် သမ္မတက   ၆-၄-၂၀၁၆ ရက်တွင် အပြီး လက်မှတ်ရေးထိုးခဲ့ပြီး    ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေအမှတ်(၂၆)ဖြင့် အတည်ပြုခဲ့တဲ့အတွက် အဆိုပါဥပဒေဟာ အလွန်လျင်မြန်စွာ အသက်ဝင်ခဲ့တာတွေ့ရှိရကြောင်း၊  ထို့ကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြလာမယ့် ဥပဒေမူကြမ်းသည် နိုင်ငံတော်အရေး၊ တိုင်းရင်းသားများအရေးနဲ့ နိုင်ငံရေးပါတီများရဲ့လိုလားချက်များ ဘယ်လောက်အထိ ပါဝင်လာမယ်ဆိုတာကို အာမခံချက် မပေးနိုင်ကြောင်း၊ ထို့ကြောင့်ကော်မတီတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ နည်းလမ်းကျ/မကျ၊ All Inclusive ဖြစ်/မဖြစ် ဆွေးနွေးလိုကြောင်း။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းထားတဲ့   ကော်မတီလိုပဲ လွှတ်တော်အတွင်းမှာရှိတဲ့ ကော်မတီများ ဖွဲ့စည်းမှုကိုလည်း ပြင်ဆင်ဖို့ လိုကြောင်း၊  ကော်မတီများ၏  ဖွဲ့စည်းမှုကိုကြည့်ရင် အနိုင်ရပါတီက            ကိုယ်စားလှယ်တွေ အများစုပါဝင်နေပြီး တခြားပါတီ၊  အစုအဖွဲ့တွေရဲ့  အချိုးနဲ့ မညီမျှတဲ့အတွက်  ဘာလုပ်လုပ် မဲများရာနိုင်စနစ်ဖြစ်နေကြောင်း၊ ဘာမှမလုပ်တတ် မဲခွဲဆိုတဲ့စနစ်ဖြစ်ကြောင်း၊ မိမိဘာသာဖွဲ့တဲ့ စနစ်ပေါ်မှာ အခြေခံတဲ့မူကြောင့် ဖြစ်လာတာကို တွေ့ရကြောင်း၊    ကိုယ်စားလှယ် ရွေးချယ်တာတွေ၊ ဥက္ကဋ္ဌ၊  အတွင်းရေးမှူး ရွေးချယ်တာတွေကို တိုင်းရင်းသားအချိုးအလိုက်၊   ပါတီအချိုးအလိုက်သွားရင် ပိုကောင်းကြောင်း၊ ထို့ကြောင့် တစ်ပါတီတစ်မဲစနစ်ကို    စဉ်းစားသင့်ကြောင်း၊ကိုယ်စားလှယ်တစ်ယောက်ပဲ ပါတဲ့ အစုအဖွဲ့က အဖွဲ့ဝင် တစ်ဦးဆိုရင် ၄၅ ဦးကော်မတီမှာလည်း ပါကြောင်း၊ လွှတ်တော် အခွင့်အရေးမှာလည်း ပါကြောင်း၊ ၄၅ ဦးကော်မတီမှာ တက်နေလို့ လွှတ်တော်အခွင့်အရေး ကော်မတီမှာ မတက်ရောက်နိုင်ဘဲ လေ့လာသူတွေကို  သွားရောက် တက်ရောက်စေခဲ့ကြောင်း၊ အရေးကြီးတဲ့ မဲပေးဖို့အတွက် ကြုံတွေ့လာရတဲ့အချိန်မှာ ကော်မတီ အဖွဲ့ဝင် မဟုတ်လို့၊ လေ့လာသူဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့် မရှိလို့ မဲမပေးရဘဲ ဒီအတိုင်းပြန်လာရတဲ့ အဖြစ်တွေဖြစ်ပေါ်ခဲ့ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ရဲ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်တဲ့ လွှတ်တော် အခွင့်အရေး ကော်မတီမှာတောင် ဒီလိုတွေဖြစ်နေရင် ကျန်တဲ့ ကော်မတီတွေမှာ ဒီထက်ပိုဆိုးနိုင် တဲ့ အခြေအနေတွှေ Time Line ဘယ်လိုရေးဆွဲထားတယ် ဆိုတာကို   အာမခံချက် မပေးဘဲ အချို့ဥပဒေများကိုတော့ ဥပဒေ၊ နည်းဥပဒေများကို မျက်ကွယ်ပြု၊ မြန်ချင်လျှင် မြန်မြန်ဆောင်ရွက်ခဲ့တာကို ထောက်ပြ ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ဦးသိန်းထွန်း တင်သွင်းတဲ့ ဥပဒေမူကြမ်းဟာ ၄၅ ဦး ကော်မတီက တင်သွင်းမယ့် ဥပဒေကြမ်းကို စောင့်ဆိုင်းနေရတဲ့အတွက်    ယခုအချိန် အထိ  ၁၀ လ ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးအတွက် လက်ငင်းအကျိုး သက်ရောက်စေနိုင်တဲ့ ဦးစိုင်းသန်းနိုင်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက ဥပဒေနဲ့အညီ လက်မှတ်ရေးထိုး တင်သွင်းလာတဲ့ ဥပဒေမူကြမ်းကို ဥပဒေပြဋ္ဌာန်းချက်များနဲ့ အညီ ဆက်လက် ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်စန်းလင်းက ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၅၉ (ဂ) တို့အား ပြင်ဆင် ဖြည့်စွက်ရာတွင်   ပြည်ထောင်စုသ္မတ မြန်မာနိုင်ငံတော် နယ်နိမိတ် တည်ရှိမှုနှင့် ပတ်သက်၍ ရှိရင်းနယ်နိမိတ်အပြင် နိုင်ငံတကာခုံရုံးက အဆုံးအဖြတ်ပြုမှုကြောင့် ရရှိလာမည့် နယ်နိမိတ်များ အကျုံးဝင်လာစေရန်အတွက် လည်းကောင်း၊ ဥပဒေပြဋ္ဌာန်းချက် တိကျစေရန်အတွက် လည်းကောင်း တင်သွင်းလာခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၀၁ နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၅)၊ ပုဒ်မ ၂၀၁ မှာ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဖွဲ့စည်းမှုကိုသာ ဖော်ပြထားပြီး  လုပ်ငန်းတာဝန်များ မပါရှိသဖြင့် အဆိုပါကော်မတီရဲ့ လုပ်ငန်းတာဝန် (၇) ရပ်ကိုပါ ထပ်မံဖြည့်စွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ အုပ်ချုပ်မှုကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့  အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်နိုင်ရေးကို ဦးတည်၍ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ် ၃၀ ဦးပါဝင်သော ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကိုဖွဲ့စည်းကာ ယင်းကော်မတီ၏  သဘောထားမှတ်ချက်အစီရင်ခံစာကို  တင်သွင်းလာခဲ့ကြောင်း၊ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)၊ပုဒ်မ ၄၃၆ (က)အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခြင်း မပြုဘဲ ၄၅ ဦးကော်မတီသို့ ထည့်သွင်းဆောင်ရွက်ခြင်း ဖြစ်သည့်အတွက်  ““ကန့်ကွက်””ကြောင်း၊ ပုဒ်မ ၂၀၁ ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အစိုးရသည် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစ၍ နိုင်ငံရေး အခြေအနေများ၊ ကာကွယ်ရေးနှင့်   လုံခြုံရေး အပိုင်းအဘက်ဘက်က ယိမ်းယိုင်နေတဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး  စတဲ့အခြေအနေတွေကို သင်ခန်းစာယူပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း၊ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲခဲ့ကြတဲ့ အတွေ့အကြုံ ရင့်ကျက်သော ဥပဒေပညာရှင်များက နောင်အနာဂတ်နိုင်ငံရေးကို ပုံဖော်တဲ့နေရာမှာ နိုင်ငံတော်ကို ထိန်းကျောင်းနိုင်မယ့်၊ လမ်းညွှန်ဦးဆောင်နိုင်မယ့် ကော်မတီ တစ်ရပ်ကို  မှန်ကန်စွာ ဖွဲ့စည်းခဲ့ကြောင်း၊

အဲ့ဒါကတော့ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၅) ၊ ပုဒ်မ ၂၀၁ ““အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဖွဲ့စည်းခြင်း”” ပဲဖြစ်ကြောင်း၊ အများသိကြတဲ့ ““ကာလုံ”” ပဲဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် ကျရောက် လာမယ့်အန္တရာယ် မှန်သမျှ အခက်အခဲမှန်သမျှကို ဦးဆောင်ဖြေရှင်းရန် ဖွဲ့စည်းပေး ထားခြင်းပဲဖြစ်ကြောင်း၊  လက်နက်ကိုင် သောင်းကျန်းသူများပြားတဲ့မိမိတို့နိုင်ငံမှာ အထူးလိုအပ်ကြောင်း၊ ဘာလို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံဟာ    အဘက်ဘက်က  အားပျော့ယိမ်းယိုင်လာတဲ့ အချိန်မှာ ““တောမီးလောင် - တောကြောင် လက်ခမောင်းခတ်”” ဆိုသလို လက်နက်ကိုင်သောင်းကျန်းသူများ ပုန်ကန်ထကြွ တိုက်ခိုက်ခြင်းပဲဖြစ်ကြောင်း၊ ယခုလည်း ဒီလိုပါပဲ ရခိုင်ပြည်နယ်မြောက်ခြမ်း နယ်မြေမှာဖြစ်ပွားခဲ့တဲ့ ARSA သောင်းကျန်းသူများနဲ့ AA သောင်းကျန်းသူများရဲ့ တိုက်ခိုက်သတ်ဖြတ် ပြန်ပေးဆွဲနေမှုများဟာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် အစီအစဉ်ရှိရှိ အချိန်ကိုက်လုပ်ဆောင်လာတာ တွေ့ရကြောင်း၊  လတ်တလောဖြစ်စဉ်များ အနက် ရွှေနဒီအမြန်ရေယာဉ်ဖြစ်စဉ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့်  အိန်္ဒိယနိုင်ငံသားများကို ဖမ်းဆီးခံရသောဖြစ်စဉ်များ   ဆက်တိုက်ဆို သလို ဖြစ်ပွားခဲ့ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း ဒေသမှာလည်း TNLA ၊ MNDAA ၊ AA သုံးဖွဲ့ပူးပေါင်း၍ အကြမ်းဖက်တိုက်ခိုက်မှုများဟာ ၂၀၁၉ ခုနှစ်အတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လာတာကို  တွေ့ရကြောင်း၊  ဖြစ်စဉ်များ တစ်ခုပြီးတစ်ခု အဆင်အခြင်မဲ့စွာ ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုအပေါ်၌ လည်းကောင်း၊  နိုင်ငံတော်၏ တရားဥပဒေအပေါ်၌သော် လည်းကောင်း မထီမဲ့မြင်ပြုခြင်း၊ စော်ကားခြင်းများဖြစ်၍ နိုင်ငံတော်အစိုးရသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူ၍ အဆိုပါ သောင်းကျန်းသူများအား ““အကြမ်းဖက် သောင်းကျန်းသူများ”” အဖြစ်  နိုင်ငံတော်မှ တရားဝင်ကြေညာသင့်ကြောင်းနှင့် မြို့ရွာ အတွင်းဝင်ရောက်လာသော သောင်းကျန်းသူများနှင့် အဖျက်သမားများအား လွယ်ကူစွာ ဖော်ထုတ်နိုင်ရန်   ဖျက်သိမ်းထားသော ဧည့်စာရင်းဥပဒေနှင့်   လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖော်ဆောင်ပေးရေး    ဆောင်ရွက်ပေးသင့်ကြောင်း၊ အဆိုပါ သောင်းကျန်းသူများ၏ တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်တိုင်း  တပ်မတော်မှအမြန်ဆုံး လိုက်လံတိုက်ခိုက်ချေမှုန်းလျက် ရှိသော်လည်း နိုင်ငံတော် အစိုးရအနေဖြင့် မည်သည့်ဆောင်ရွက်ချက်မှ လုပ်ဆောင်ထားခြင်း မရှိသေးတာကို တွေ့ရကြောင်း၊ ““ရခိုင်ပြည်နယ်အရေးဟာ နိုင်ငံတစ်နိုင်ငံလုံး  အရေး မဟုတ်၊ ပြည်နယ်လေး တစ်ခု၏ ပြဿနာသာဖြစ်တယ်””လို့ယူဆခဲ့ရင် ရခိုင်ပြည်နယ်မှာရှိတဲ့ အခြား အမတ်မင်းတွေနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ   ထပ်ပြီးအဖမ်းခံနေရဦးမှာပါပဲ။

ဒါ့ကြောင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများရဲ့ လုံခြုံရေး ကိစ္စများကို ““ကာလုံ”” အမြန်ဆုံးခေါ်ယူပြီး အစိုးရမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်သွားသင့်ကြောင်း၊    မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ် လျင်လျင်မြန်မြန်ဖော်ဆောင်နိုင်ရေးမှာ နိုင်ငံတော် တည်ငြိမ်ဖို့ ၊ (Stable) ဖြစ်ဖို့ အရေးအကြီးဆုံး လိုအပ် ကြောင်း၊ှ Stable ဖြစ်ဖို့ဆိုရင် ပြဿနာအားလုံးကို ပူးပေါင်းဖြေရှင်းရန် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ တစ်ရပ်ဟာ မဖြစ်မနေ အလိုအပ်ဆုံးဖြစ်ကြောင်း၊  တိုင်းဒေသကြီးတစ်ခုပဲဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုပဲဖြစ်ဖြစ် မလုံခြုံရင် သို့မဟုတ် မကာကွယ်နိုင်ရင် ဒီမိုကရေစီဖက်ဒရယ်စနစ် ဖော်ဆောင်မှုကို များစွာ နှောင့်နှေးစေနိုင်ကြောင်း။

 ထို့ကြောင့် နိုင်ငံတော် အရေးကိစ္စရပ်တွေ အတွက် နှစ်လတစ်ကြိမ် ““ကာလုံ””ခေါ်ယူစေပြီး ကိုယ်စားလှယ်ကြီး ဦးစိုင်းသန်းနိုင် တင်သွင်းထားတဲ့ တင်ပြပါ အချက်(၇) ချက် ပါတာဝန်များကို ဆောင်ရွက် သင့်ကြောင်း၊ယနေ့ကမ္ဘာမှာ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာ မရှိတော့ပါကြောင်း၊ ထာဝရ အကျိုးစီးပွားပဲရှိကြောင်း၊    မိမိတို့နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများကို   တစ်နိုင်ငံချင်းစီအလိုက် သေချာ သုံးသပ်ကြည့်ရင် မြင်နိုင်မှာဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံဟာ နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့အတွက်   ဘယ်လောက်ကာကွယ်နေရသလဲဆိုတာကို နမူနာယူပြီး မိမိနိုင်ငံရဲ့ ကာကွယ်ရေးနှင့်   လုံခြုံရေးကို ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာဟာ ““ကာလုံ”” ကောင်စီကသာ ခေါ်ယူဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် စပ်လျဉ်းသော အမျိုးသား လုံခြုံရေးဥပဒေ ( National Security Act ) စတဲ့  ဥပဒေသစ်များကို အမြန်ဆုံးပြဋ္ဌာန်း ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးသည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို  ဒီဇင်ဘာ ၁၁ ရက်တွင်ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။           

အောင်လှိုင်ဝင်း(မြ၀တီ)

Read 17 times Last modified on Tuesday, 10 December 2019 11:46