SJ WorldNews - шаблон joomla Авто

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းအတွက် ဘုန်းကြီးလမ်းအောက်ဘက်ခြမ်းကို လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နေ

Wednesday, 11 December 2019 09:30 font size decrease font size decrease font size increase font size increase font size

မြန်မာ-တောင်ကိုရီးယားချစ်ကြည်ရေး ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရာတွင် ရန်ကုန်ဘက်ခြမ်းမှ ပင်မချဉ်းကပ်လမ်း ဘိုးပိုင်လုပ်ငန်းများအား လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းကို အပိုင်းလိုက်ပိတ်၍ ဆောင်ရွက်ရာတွင် နောက်ဆုံးကျန်ရှိနေသော ဘုန်းကြီးလမ်းအောက်ဘက်ခြမ်းဖြစ်သည့် မဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်းကြား၌  ဒီဇင်ဘာလအတွင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ တည်ဆောက်ရေး လုပ်ငန်းခွင်မှ သိရသည်။

ထိုတံတားစီမံကိန်းတွင် ပင်မချဉ်းကပ်လမ်းစီမံကိန်းအတွက် ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်သွားလာမှုကို ထိခိုက်မှုမရှိစေရန်  ဘေးဘယ်ညာ၌ ယာဉ်လမ်းကြောတစ်ကြောစီ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယခုအခါ  ကျန်ရှိသော လမ်းအောက်ဘက်ခြမ်း၌ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မှုကို  ဒီဇင်ဘာ ၁ဝ ရက်က  စတင်နေကြောင်း သိရသည်။

''လမ်းအောက်ဘက်ခြမ်းဖြစ်တဲ့ မဟာဗန္ဓုလလမ်းနဲ့ ကမ်းနားလမ်းကြားမှာ အရင်ကတည်းက ဘတ်စကားတွေသွားတာ သိပ်မရှိဘူး။ အပေါ်ဘက်ခြမ်းမှာပဲ သွားလာမှုများတယ်။ လမ်းကြောင်းပြောင်းလဲပြေးဆွဲနေတာကြောင့် ခရီးသည်တွေ အသားကျနေပါပြီ။ သွားလာမှုကိုထိခိုက်မှာမဟုတ်ပါဘူး။ ဒီဘက်ပိုင်းမှာလည်း အပေါ်ဘက်ပိုင်းတွေမှာ ဆောင်ရွက်ခဲ့သလို ယာဉ်လမ်းကြောတစ်ခုစီ  ဖွင့်ပေးထားမှာပါ''  ဟု အဆိုပါ တည်ဆောက်ရေး  လုပ်ငန်းခွင်မှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ထို့ပြင် မြစ်လယ်ပိုင်း၌လည်း လုပ်ငန်းများ ဆောင်ရွက်နေပြီး  ရေလမ်းကြောင်း သတ်မှတ်မှုများကို နိုဝင်ဘာလကတည်းက  ဆောင်ရွက်ထားပြီးဖြစ်သည်။

''တံတားပြီးသွားရင် ဖြတ်သန်းပြေးဆွဲမယ့် ယာဉ်လိုင်းတွေ ရှိလာနိုင်တာကြောင့် ယာဉ်လမ်းကြောင်းပြောင်းလဲမှုတွေ၊ လမ်းကြောင်းသစ်တွေ ရှိလာနိုင်ပါတယ်'' ဟု  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

တံတားစီမံကိန်းအတွက် ပင်မချဉ်းကပ်လမ်း ဘိုးပိုင်အခြေချလုပ်ငန်းကို လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း၌ လုပ်ဆောင်ရာတွင်  သြဂုတ်လဆန်းပိုင်းက လမ်းလယ်ပိုင်းဖြစ်သည့်    မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းကြား၌ လည်းကောင်း၊ အောက်တိုဘာလကုန်ပိုင်းက လမ်းအပေါ်ဘက်ခြမ်းဖြစ်သည့်  အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား အပိုင်း၌လည်းကောင်း    ဆောင်ရွက်နေကြောင်း သိရသည်။         

ထက်ခိုင်(စမ်းချောင်း)

Read 82 times Last modified on Wednesday, 11 December 2019 09:31