SJ WorldNews - шаблон joomla Авто

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဘုရားအမှတ်(၁၀၈၁) ဂူဘုရားရှိ နံရံဆေးရေး ပန်းချီများအား ကြံ့ခိုင်မှု ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မည်

Sunday, 19 January 2020 13:34 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ်(၁၀၈၁)ဂူဘုရားကို ဇန်န၀ါရီ ၁၆ ရက်မှစတင်ကာ နံရံဆေးရေး ပန်းချီများအား ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ထိန်းသိမ်းရေးဌာနစု    ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းထံမှ သိရသည်။
အဆိုပါဘုရားအမှတ်(၁၀၈၁) ဂူဘုရားသည် ပုဂံမြို့ရဲစခန်း အနောက်မြောက်ဘက် မြင်းကပါရွာနှင့်  သီရိပစ်္စယာရွာအကြား စိမ်းညက်ညီအစ်မဘုရား၏ အနောက်ဘက်တွင် တည်ရှိကာ အေဒီ ၁၃ ရာစုလက်ရာဟု ခန့်မှန်းရပြီး အပြင်ပိုင်းတွင် အင်္ဂတေပန်း လက်ရာများဖြင့် တန်ဆာဆင်ထားပြီး အတွင်းပိုင်းတွင် နံရံဆေးရေး ပန်းချီများဖြင့် တန်ဆာ ဆင်ထားကြောင်း သိရသည်။
ကွမ်းတောင်ပေါ်ရှိ နတ်ရုပ်လေးများမှာ မျက်နှာအပါအ၀င် ပကတိ အကောင်းအတိုင်း လေ့လာနိုင်ပြီး အတွင်းပိုင်းရှိ နံရံဆေးရေးမှာလည်း   အရွယ်အစား သေးငယ်သော ငါးရာ့ငါးဆယ် ဇာတ်ကွက်များ၊ ဗုဒ္ဓခြေတော်ရာများဖြင့် ခြယ်မှုန်းထားကာ မြေပလတ်စတာ (Mud Plaster) အမျိုးအစားဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် အဆောက်အအုံ၏ တိုက်မပိုင်းတွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားကြောင်းနှင့် ငလျင်ဒဏ်ကြောင့် နံရံဆေးရေးပန်းချီအချို့ ထိခိုက်ပြုတ်ကျပျက်စီးခဲ့ရာ ကျန်ရှိသည့် နံရံဆေးရေးပန်းချီ များနှင့် အင်္ဂတေပန်းများအား ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ညောင်ပင်သတ်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း လုပ်ငန်းတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ထိန်းသိမ်းရေးဌာနစု ဓာတုဗေဒ ဌာနစိတ် ၀န်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Read 42 times Last modified on Sunday, 19 January 2020 13:35