SJ WorldNews - шаблон joomla Авто

သုံးနှစ်ကျော် ကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှု တန်ဖိုး ငွေကျပ် ဘီလီယံ ၁၃ဝ ကျော်ရှိ

Tuesday, 28 January 2020 09:13 font size decrease font size decrease font size increase font size increase font size

စတော့ရှယ်ယာဈေးကွက် တိုးတက်စေရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်  မတ်လမှ  ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်ကျော်ကာလအတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး ငွေကျပ် ဘီလီယံ ၁၃ဝ ကျော်ရှိပြီး ယခုနှစ်အတွင်း  ဈေးကွက်အလားအလာ  ပိုမိုကောင်းမွန်နိုင်ကြောင်း စတော့ဈေးကွက် ကျွမ်းကျင်သူများ၏ ပြောပြချက်အရ သိရသည်။

''ဒီနှစ်မှာ စတော့ဈေးကွက် တိုးတက်လာနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် တစ်ရှိန်ထိုးတော့ ဖြစ်မလာနိုင်ပါဘူး။ စတည်ထောင်တဲ့ သက်တမ်းကလည်း   နည်းသေးတယ်။

တဖြည်းတဖြည်းနဲ့ တိုးတက်လာမှာပါ''ဟု ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

ယခုနှစ်တွင်   စတော့ဈေးကွက်သို့ ပြည်တွင်းမှကုမ္ပဏီများ ထပ်မံဝင်ရောက်မည့်အပြင် နိုင်ငံခြားသား စတော့ရှယ်ယာ ရောင်းဝယ်ခွင့်များ    ဝင်ရောက်လာမည့် အခြေအနေများကြောင့် ဈေးကွက်တိုးတက်လာနိုင်မည်ဟု ခန့်မှန်းခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားသားစတော့ရှယ်ယာ ရောင်းဝယ်ခွင့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး မကြာမီ လုပ်ဆောင် ခွင့်ပြုမည် ဖြစ်သည်။

စတော့ဈေးကွက်၏ တစ်ပတ်တာအတွင်း ရောင်းဝယ်မှုကို ကြည့်မည်ဆိုပါက ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂ဝ ရက်မှ ၂၄ ရက်အထိ First Myanmar Investment Public Co.,Ltd.(FMI) အနေဖြင့် ရှယ်ယာအစောင်ရေ  ၈၃ဝဝ  မှ  စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၉၄၂၃၃ဝဝဝ၊ Myanmar Thilawa SEZ Holdings Public Co.,Ltd (MTSH) အနေဖြင့် ရှယ်ယာအစောင်ရေ ၂၈၄၅၆ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၁ဝ၃၈၉၃၅ဝ၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်အနေဖြင့် ရှယ်ယာအစောင်ရေ ၂၆၈၁ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ်၂၁၇ဝ၆၁ဝဝ၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် အနေဖြင့် ရှယ်ယာအစောင်ရေ ၁၉၇၉ စောင်မှ စတော့ရှယ်ယာတန်ဖိုး  ငွေကျပ် ၄၅၅၅၄၅ဝဝ၊ TMH Telecom Public Co.,Ltd. အနေဖြင့် စတော့ရှယ်ယာအစောင်ရေ ၄၅၃၁၇ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၁၁၂၁၆ဝဝ အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။

ရှယ်ယာရောင်းဝယ်မှု အနေအထားများအရ စတော့ဈေးကွက် ပိုမိုကောင်းမွန်ရန်နှင့် စာရင်းဝင်ကုမ္ပဏီတိုးတက်ရန် အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။                    

KayKay

Read 31 times Last modified on Tuesday, 28 January 2020 09:14