SJ WorldNews - шаблон joomla Авто

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂျပန်စတိုင် ၁၀ ပြား ဈေးရောင်းပွဲတော် ကျင်းပ

Thursday, 13 February 2020 09:59 font size decrease font size decrease font size increase font size increase font size

(၇၃) နှစ်မြောက်  ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်  မြန်မာ-ဂျပန် လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေး အသင်း (SEDA)မှ ကြီးမှူး၍ (၁၂)ကြိမ်မြောက် ဂျပန်စတိုင် ၁၀ ပြား   ဈေးရောင်းပွဲတော်   (  (Flea  Market)) ကို  ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ စိန်ဂေဟာ(စူပါစင်တာ)၌ ကျင်းပသည်။

““ဒီဈေးရောင်းပွဲတော်က  အသုံးမ၀င်တော့တဲ့ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ပြန် လည်ရောင်းချတာပါ။ ဥပမာ-ယန်းတစ်သိန်းတန်ပစ္စည်းကို ယန်းတစ်သောင်းနဲ့ ရောင်းတယ်။   တချို့က   မသုံးရသေးတဲ့ ပစ္စည်းတွေကို မလိုအပ်လို့ ပြန်ရောင်းတာလည်းရှိတယ်။  ဂျပန်လူမျိုးတွေရဲ့  အတုယူဖို့ကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါ”” ဟု SEDA အထွေထွေ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်း ကပြောသည်။

အဆိုပါဈေးရောင်း ပွဲတော်၌  ဆိုင်ခန်းပေါင်း ၄၀ ခန့် ပါဝင်ရောင်းချပြီး ဂျပန်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်း ၆၀ ရာခိုင်နှုန်းနှင့်  တခြားနိုင်ငံမှ  ကုန်ပစ္စည်းများ၊ ပြည်တွင်းဖြစ် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးသည့်အပြင်     ငွေကျပ်    တစ်ထောင်တန်ဖိုးရှိ   အသုံးအဆောင်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

““ဒီပွဲမှာ ဂျပန်ပစ္စည်းတွေဖြစ်တဲ့ ပန်းကန်၊ဖန်ခွက် စတဲ့ အိမ်သုံးပစ္စည်းတွေကို ဈေးနှုန်း ချိုသာစွာနဲ့ ရောင်းချပေးပါတယ်။ အပြင် ဈေးနှုန်းနဲ့ယှဉ်ရင်   ထက်ဝက်ကျော် ဈေး သက်သာပါတယ်။အဲဒီအတွက် ၀ယ်ယူသူ တွေအနေနဲ့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင် ကြပါတယ်။ ဂျပန်စတိုင် ၁၀ ပြားဈေးကို သိပြီးသားသူတွေ   တော်တော်များများ လာဝယ်ကြတာတွေ့ရတယ်””  ဟု  ဈေးပွဲတော်တွင် ပါဝင်ရောင်းချသူ ဒေါ်ခင်စန်းရီ ကပြောသည်။

အဆိုပါ ဈေးရောင်းပွဲတော်၌  ဂျပန်နိုင်ငံသားများက   ဆာမူရိုင်းနှင့် ပတ်သက်သည့် ပြကွက်များဖြင့် ဖျော်ဖြေတင်ဆက် ကပြပြီး ဂျပန်ရိုးရာ ကျား၊ ဗိုလ်ဆွဲပြိုင်ပွဲ၊ Sushi အမြန်စား ပြိုင်ပွဲနှင့် ကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ် များလည်း ပါဝင်ကြောင်း သိရသည်။ 

Read 22 times Last modified on Thursday, 13 February 2020 09:59