SJ WorldNews - шаблон joomla Авто

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား ဈေးရောင်းပွဲတော် ကျင်းပ

Thursday, 13 February 2020 10:40 font size decrease font size decrease font size increase font size increase font size

၂၀၂၀ ပြည့်နှစ်တွင် ကျရောက်သော (၇၃) နှစ်မြောက်  ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တိုင်းရင်းသား ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါဈေးရောင်းပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ညပိုင်းတွင် တိုင်းရင်းသား အဖွဲ့များက ကချင်ရိုးရာဂျိမ်းဖောမြေအက၊ ကယားရိုးရာအက၊ ကရင်ရိုးရာအက၊ ချင်း ရိုးရာဝါးညှပ်အက၊ မှုံရွှေရည်အက၊ ရခိုင် ဆီမီးခွက်အက၊ ရှမ်းရိုးရာဓားသိုင်းအက နှင့်  တိုးနယားအက စသည့် တိုင်းရင်းသား ရိုးရာအကများဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။

““ကျွန်မတို့   မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အခါအားလျော်စွာ ဖော်ထုတ်ပေးနေပါတယ်။  အခုလည်း  ပြည်ထောင်စုနေ့မှာ  တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေကို  ဖော်ထုတ်ပေးတဲ့ အနေနဲ့    တိုင်းရင်းသား ဈေးရောင်းပွဲတော် ကျင်းပခြင်းဖြစ်ပါတယ်။ ဒီပွဲတော်မှာ မြန်မာနိုင်ငံ အတွင်းက မတူကွဲပြားခြားနားတဲ့ တိုင်းရင်းသားတို့ရဲ့   နှစ်သက်မြတ်နိုး စွဲမက်ဖွယ် ကောင်းတဲ့   ရိုးရာဝတ်စုံတွေ၊  အသုံးအဆောင်ပစ္စည်းတွေ၊  အစားအသောက်တွေ၊  ရိုးရာအနုသုခုမ ဖျော်ဖြေမှုတွေကို တစ်စုတည်း တွေ့မြင်လေ့လာနိုင်ပါတယ်”” ဟု မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ကပြောသည်။

ယင်းတိုင်းရင်းသား ဈေးရောင်းပွဲတော်ကို  မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၂ ရက်မှ  ၁၄  ရက်အထိ  သုံးရက်တိုင် ကျင်းပလျက် ရှိသည့်အပြင်   ပွဲတော်ရက် အတွင်း စိမ်းလန်းစိုပြည်ဂါးဒင်းကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉ နာရီအထိ အခမဲ့ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

Read 34 times Last modified on Thursday, 13 February 2020 10:40