SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ အဆင့်မီ ပလင်းကမ်းသာယာ ဆင်ပြတိုက် မကြာမီ ဖွင့်လှစ်မည်

Thursday, 13 February 2020 12:02 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာ အနီး ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း၌ နိုင်ငံတကာ အဆင့်မီ ပလင်းကမ်းသာယာ ဆင်ပြတိုက် မကြာမီဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်းရှိ  ဆင်ပြတိုက်တွင်  ဆင်များအကြောင်း၊ အာရှဆင်များ၏  နေထိုင်ကျက်စားမှု၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနေထိုင် ကျက်စားမှု၊ မြန်မာနိုင်ငံတွင် ဆင်များ နေထိုင်ကျက်စားမှု၊ အာရှဆင်နှင့် အာဖရိကဆင်တို့၏ ခြားနားချက်၊ ဆင်များ၏ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်း သိကောင်းစရာနှင့် မြန်မာနိုင်ငံတွင် ဆင်စွယ်အမျိုးအစား ခွဲခြားထားမှုများ၊ မြန်မာ့သမိုင်းတွင် ဆင်များ၏ အရေးပါမှု၊ မြန်မာနိုင်ငံမှဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှ တောဆင်များ ဆင်စွယ်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ အတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် နေရာပြကွက်များ၊ တောဆင်ရိုင်းများကို တရားမ၀င် သတ်ဖြတ်၍ ဆင်နှင့်ပတ်သက်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ကမ္ဘာတွင် တရားမ၀င်ဈေးကွက် ဖြစ်ပေါ်ရောင်းချနေကြပုံနှင့် ထိုသို့ ပြုမူသောပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ကမ္ဘာ့ဆင်များနေ့အကြောင်း သိကောင်းစရာများကို ပြသသွားမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့သစ်လုပ်ငန်း၏ အရေးပေါ် တောဆင်မောင်းအဖွဲ့ ဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများ၊ ဆင်များ၏ အလေ့အထ၊ သဘောသဘာဝ၊ အမူအကျင့်နှင့် ဇီဝကမ္မဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ၏ အသက်အရွယ်နှင့် အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍ အတန်းအစား ခွဲခြားထားခြင်း၊ ဆင်ဦးစီးများ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ၊ မှိန်းသင်ကြားခြင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်အမြွာပူး မွေးခဲ့သည့် မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများ အသုံးပြုသည့် စကားလုံးများကို လေ့လာနိုင်မည်ဖြစ်သည်။

ဆက်လက်၍  ပလင်းကမ်းသာယာ ဆင်ပြတိုက်တွင် ဆင်များကို ထိန်းချုပ်ခိုင်းစေရာတွင် အသုံးပြုသည့်ပစ္စည်းကိရိယာ တန်ဆာပလာများ၊ တောတွင်း ဆင်ဝန်ထမ်းများ နေထိုင်သည့် ဆင်ဝိုင်းပုံစံငယ်အိမ်များ၊ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ လက်ထက်ကအသုံးပြုခဲ့သည့်  ဆင်မှတ်ပုံတင်စာအုပ်၊ ဆင်တစ်ကောင်ချင်းစီအတွက် အသေးစိတ် အချက်အလက်များ ရေးသွင်းထားသည့် စာအုပ်ပုံစံ(ည)၊ သစ်ထုတ်ရေးဌာန၏ ဌာနဆိုင်ရာ    ညွှန်ကြားလွှာ အမှုထမ်းများ လိုက်နာရန်  အမိန့်လက်စွဲစာအုပ်များ၊ အမျိုးအစားမတူသည့် ဆင်စွယ်လေးစုံ၊ဆင်သားရေ၊ ဆင်စွယ်ဖြတ်စ၊ ဆင်မြီးများ၊အသက် ၅၆ နှစ်အရွယ်တွင် သေဆုံးခဲ့သည့် ဆင်တစ်ကောင်လုံး၏ အရိုးစုပြခန်း၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဦးစီး ယူနီဖောင်းဝတ်စုံ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေမှုများ၊ ဆင်ဦးစီးများ၏ တောတွင်းနေထိုင်မှု  ဘ၀စသည့် ဗီဒီယိုဖိုင်များပြသထားသည့် တီဗွီများ ထားရှိပြသသွားမည်ဖြစ်သည်။

ဆင်စခန်းဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၊ ဆင်စာတစ်ဗန်းငွေကျပ် ၁၀၀၀၊ ဆင်စီးခ ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့်ပြည်ပခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ တို့ဖြစ်ပြီး ဆင်ပြတိုက် ဖွင့်ပွဲပြုလုပ်ပြီးပါက အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Read 43 times Last modified on Thursday, 13 February 2020 12:03