SJ WorldNews - шаблон joomla Авто

တရားဥပဒေ စိုးမိုးရေးကို ပြည်သူလူထုမပါဘဲ ဆောင်ရွက်၍ မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Friday, 14 February 2020 09:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ယနေ့ကျင်းပသော  ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  အဋ္ဌမနေ့ အစီအစဉ် ခေတ္တရပ်နားချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းရာတွင် ““အမှုတစ်ခုဖြစ်တိုင်း ဖော်ထုတ်ဖို့အတွက် ရဲမှာပဲတာဝန်ရှိတယ်။  လုံခြုံရေးဆောင်ရွက်တဲ့သူမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။  ပြည်သူလူထု အားလုံးက ၀ိုင်းဝန်းပြီး ဆောင်ရွက်ကြမှ ဖော်ထုတ်လို့ရတာပါ””ဟု ပြောကြားသည်။

““အမှုဆိုတာကတော့ ရှိမှာပါပဲ။ ရှိနေတဲ့အမှုတွေကို   ကျွန်တော်တို့က ရအောင် ဖော်ထုတ်ရမှာပါ။ ဟိုတလောက ရန်ကုန်မှာ ဖြစ်သွားတဲ့ ဘဏ်အမှုဆိုရင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါက ရဲ ရဲ့ စွမ်းဆောင်နိုင်မှုပါပဲ။ အမှု တစ်ခုဖြစ်လာပြီဆိုရင်  ရဲတစ်ဖွဲ့တည်း ဖြေရှင်းလို့ရတာ မဟုတ်ဘူး။ ပြည်သူလူထုပါ ၀ိုင်းဝန်းကူညီ ဆောင်ရွက်မှရတာပါ။ အမှုတစ်ခုဖြစ်တိုင်း ဖော်ထုတ်ဖို့အတွက် ရဲမှာပဲ တာဝန်ရှိတယ်။  လုံခြုံရေးဆောင်ရွက်တဲ့သူ

မှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူလူထုအားလုံးက ၀ိုင်းဝန်းပြီး ဆောင်ရွက်ကြမှ ဖော်ထုတ်လို့ရတာပါ။ အခုရန်ကုန်မှာ ဖြစ်သွားတဲ့ကိစ္စဆိုရင် အကုန်လုံးဝိုင်းဝန်းပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ဘဏ် ၀န်ထမ်းတွေကလည်း ရဲကိုပြောပြတယ်။

ရဲကလည်း လိုက်လံစုံစမ်းတယ်။ ဆိုလိုတာက ပြည်သူလူထုမပါဘဲ  တရားဥပဒေ စိုးမိုးရေးဆိုတာ လုပ်လို့မရပါဘူး””ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က သတင်းမီဒီယာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူလူထုက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ယုံကြည်မှုများ ကျဆင်းနေသည့်အပေါ် မည်သို့ပြုပြင်ပြောင်းလဲရန်  စဉ်းစားထားလဲဆိုသည့် အချက်နှင့် ပတ်သက်၍  ““အမှုတစ်ခု တည်ဆောက်တယ်ဆိုတာ အစကောင်းမှအနှောင်း သေချာတာ ဖြစ်ပါတယ်။ အစကောင်းအောင် လုပ်ရမယ်။ အစကောင်းအောင် လုပ်တဲ့အချိန်မှာ သေချာအမှု တည်ဆောက်နိုင်ရင် ဖြစ်မှာပါ။ ဘယ်အမှုပဲဖြစ်ဖြစ် ဥုံဖွဆိုပြီး ချက်ချင်းကြီး ဖော်ထုတ်လာတာ မဟုတ်ဘူး။ ကြိုးစား ဆောင်ရွက်မှရမှာပါ။ ဒါကြောင့်လည်း သေချာကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်””ဟု ၎င်းက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို နိုင်ငံတော်သမ်္မတက   ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်    ခန့်အပ် တာဝန်ပေးလိုခြင်းအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၆ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ အသိပေးတင်ပြခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသဖြင့်   ပြည်ထောင်စု လွှတ်တော်က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် သဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယနေ့ကျင်းပသော   ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။

Read 39 times Last modified on Friday, 14 February 2020 09:58