SJ WorldNews - шаблон joomla Авто

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကြီးအား ရေရှည်တည်တံ့စေရန် ၀ိုင်းဝန်းထိန်းသိမ်းရန် လိုအပ်

Sunday, 16 February 2020 12:05 font size decrease font size decrease font size increase font size increase font size

ကနီ  ဖေဖော်ဝါရီ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကနီနှင့်မင်းကင်းမြို့နယ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကြီးသည် ဒေသတွင်းရာသီဥတုကို ထိန်းညှိပေးသည့် နေရာတစ်ခုဖြစ်သဖြင့် ရေရှည်တည်တံ့ ခိုင်မြဲစေရေး ၀ိုင်းဝန်းထိန်းသိမ်းကြရန်   လိုအပ်ကြောင်း အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်  အုပ်ချုပ်ရေးမှူးရုံး  ဦးစီးအရာရှိ ဦးအောင်မောင်း၏ ပြောကြားချက်အရ သိရသည်။

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကြီးသည်  အာဆီယံ အမွေအနှစ် စာရင်းဝင်နေရာ တစ်ခုဖြစ်သည့်အပြင် မြန်မာပြည် အလယ်ပိုင်း၏ စံပြုနိုင်သည့် သစ်တောကြီးတစ်ခုဖြစ်ခြင်း၊ ဒေသတွင်း ရာသီဥတုကို ထိန်းညှိပေးခြင်း၊ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့၏ ရေဝေရေလဲ ထိန်းသိမ်းပေးသည့် နေရာတစ်ခုဖြစ်ခြင်းတို့ကြောင့် ရေရှည်တည်တံ့နေစေရန်နှင့် ဂေဟစနစ်များ မပျက်စီးစေရေး  သဘာဝပတ်ဝန်းကျင်ကို ၀ိုင်းဝန်း ထိန်းသိမ်းကြရန်  လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကြီးအတွင်း သစ်တော အမျိုးအစား ခြောက်မျိုးရှိပြီး အပင်မျိုးစိတ် ၄၆၅ မျိုး၊ ၀ါးမျိုးစိတ် ရှစ်မျိုး၊ သစ်ခွမျိုးစိတ် ၄၉ မျိုး၊ ဘယဆေးမျိုးစိတ် ၁၄၃ မျိုး၊ ကြိမ် လေးမျိုး၊ နို့တိုက်သတ္တ၀ါ ၃၉ မျိုး၊ ငှက်မျိုးစိတ် ၄၆၈ မျိုး၊ အင်းဆက်မျိုးစိတ် ၄၂ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တ၀ါမျိုးစိတ် ၉၄ မျိုး၊ လိပ်ပြာမျိုးစိတ် ၂၅၀ မျိုးရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကြီးကို ၁၉၈၄ ခုနှစ်တွင် ဘေးမဲ့တောအဖြစ် လည်းကောင်း၊ ၁၉၈၉ ခုနှစ် တွင် အမျိုးသား ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် စာရင်းဝင် အမျိုးသားဥယျာဉ်အဖြစ် လည်းကောင်း သတ်မှတ်နိုင်ခဲ့ကြောင်း၊ အကျယ်အ၀န်းအားဖြင့်    ကနီမြို့နယ်အတွင်း ၂၂၆၆၁၄ ဒသမ ၈၇ ဧက၊  မင်းကင်းမြို့နယ် အတွင်း  ၁၂၀၀၂၄ ဒသမ ၅၂ ဧက စုစုပေါင်း ၃၄၆၆၃၉ ဒသမ ၃၉ ဧက ရှိပြီး ဧရိယာ ၅၄၁ ဒသမ ၆၂ စတုရန်းမိုင် ကျယ်ဝန်းသည့်    ဥယျာဉ်ကြီး တစ်ခုဖြစ်ကြောင်း သိရသည်။  

Read 36 times Last modified on Sunday, 16 February 2020 12:06