SJ WorldNews - шаблон joomla Авто

အစိုးရအဖွဲ့နှင့် NCA-S EAO အဖွဲ့များအကြား နိုင်ငံရေးဆိုင်ရာ ကိစ္စများ ညှိနှိုင်းဆွေးနွေး

Tuesday, 18 February 2020 12:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၁၇
အစိုးရနှင့်   တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO)တို့၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့  ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ရုံးခွဲ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ အစိုးရဘက်မှ  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)၊ ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ဦးလှမောင်ရွှေ၊  ဦးမိုးဇော်ဦး၊  ဦးဇော်ဌေးတို့တက်ရောက်ကြပြီး NCA-S EAO များဘက်မှ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းငင်းနှင့် အဖွဲ့ဝင်များဖြစ်သော ရဲဘော် မျိုးဝင်း၊   ဦးလှဌေး၊  စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ နိုင်အောင်မငေး ၊ ဆော်လမွန်(ခွင့်တိုင်)၊ စောကျော်ညွန့်၊ ခွန်မြင့်ထွန်း၊ ပဒိုစောအယ်ကူစေး၊ ဒေါက်တာစိုင်းဦးနှင့် နည်းပညာ အထောက်အကူပြုအဖွဲ့များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေးသည် အရေးကြီးကြောင်း  ယင်းကြောင့် (၂၁)ရာစုပင်လုံ အစည်းအဝေးတွင် ရလဒ်ကောင်းများ ရရှိလာရန် အားလုံးဝိုင်းဝန်း ကြိုးစားပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ (၈)ကြိမ်မြောက် JICM အစည်းအဝေးတွင်   ဆုံးဖြတ်ထားသည့်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အစောပိုင်း ပထမလေးလတာ ကာလအတွင်း ကျင်းပနိုင်ရေး အတွက် ညီလာခံ လုပ်ငန်းစဉ်များကို  အမြန်ဆုံး စတင်နိုင်ရန် လိုအပ်ကြောင်း၊ ယင်းအတွက် ညီလာခံ မတိုင်မီ ကျင်းပရမည့်ညှိနှိုင်း ဆွေးနွေးပွဲများ၊ ကျင်းပရမည့် အချိန်ဇယား  Timeline များကို နှစ်ဖက်ခေါင်းဆောင်များ အကြား သဘောတူညီထားရန် လိုကြောင်း၊ (၈)ကြိမ်မြောက် JICM အစည်းအဝေးအပြီး နှစ်လအတွင်း UPDJC နှင့် JMC အစည်းအဝေးများကို ခေါ်ယူ ကျင်းပရန် JICM  က သဘောတူထားပြီးဖြစ်ကြောင်း၊ ယင်းအတွင်း JMC အစည်းအဝေး ကျင်းပရန်     ရက်များ သတ်မှတ်ညှိနှိုင်းပြီး ဖြစ်ကြောင်း၊ UPDJC အစည်းအဝေး ကျင်းပသည့်အခါတွင် အထူးသဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များ   ပြန်လည်ပြင်ဆင် အတည်ပြုရန်ရှိကြောင်း၊ ယင်းတို့ကြောင့် (၂၁)ရာစုပင်လုံ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ယနေ့အစည်းအဝေးတွင် UPDJC  အစည်းအဝေး အပါအ၀င် ညီလာခံမတိုင်မီ ကျင်းပရမည့် ဆွေးနွေးပွဲများအတွက် အချိန်ဇယားများကို နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပေးရန် ပြောကြားသည်။
NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် ဦးစိုင်းငင်းက ပြီးခဲ့သည့်  JICM အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အချိန်ဇယား Timeline နှင့် ပတ်သက်ပြီး အစည်းအဝေးများ ကျင်းပနိုင်ရေးကို ယခု အစည်းအဝေးတွင်  နှစ်ဖက်ညှိနှိုင်း ဆွေးနွေးသွားရန် ရှိကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး အစည်းအဝေး ကျင်းပသည့်အခါ NCA စာချုပ်ပါ လက်မှတ်မရေးထိုးနိုင်သေးသော EAO များ ပါဝင်တက်ရောက်နိုင်ရေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ Public Consultation ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ယခုနှစ်ရက်တာ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ရေးကို ပိုမိုခိုင်မာလာအောင် နှစ်ဦးနှစ်ဖက်ကြိုးပမ်း ဆောင်ရွက်နေသော  အခိုက်အတန့် ဖြစ်သည့်အတွက် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းရန်အဆင်သင့်မဖြစ်သေးသော အချို့အကြောင်းအရာများကို ယခုအစည်းအဝေးတွင် ချန်လှပ်ထားရန် လိုကြောင်း၊  ဆွေးနွေးဖက်များအကြား Win-Win-Solution ဖြစ်စေရန် ရလဒ်ကောင်းထွက်ပေါ်ရေး    စိတ်ရှည်လက်ရှည် ပွင့်ပွင့်လင်းလင်း  ရင်းရင်းနှီးနှီး ဆွေးနွေးသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့ညှိနှိုင်း အစည်းအဝေးသည် ကျင်းပပြီးခဲ့သော (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM)တွင် သဘောတူညီခဲ့သည့် အချက်ခုနစ်ချက်မှ  NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ကိစ္စများ၊ ၂၀၂၀ပြည့်နှစ်အလွန် အကောင်အထည် ဖော်ဆောင်မည့် အဆင့်လိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင်အထည်ဖော်မှု ကိစ္စများ၊    ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး ကိစ္စ၊ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ် ပထမလေးလအတွင်း ကျင်းပနိုင်ရေးကိစ္စ၊  NCA စာချုပ်ပါ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုသည့် ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် EAO များ ပါဝင်လာရေး ကိစ္စများ၊ နှစ်လအတွင်း UPDJC အစည်းအဝေးနှင့် JMC အစည်းအဝေးများ ကျင်းပနိုင်ရေး ကိစ္စတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်ဖက်ခေါင်းဆောင်များ အကြား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 
Read 72 times Last modified on Tuesday, 18 February 2020 12:36