SJ WorldNews - шаблон joomla Авто

ယခုနှစ်အတွက် ဧရာဝတီလင်းပိုင် အကောင်ရေ သုတေသန စစ်တမ်းပြုလုပ်ရာတွင် ၇၉ ကောင်တွေ့ရှိ

Monday, 24 February 2020 08:14 font size decrease font size decrease font size increase font size increase font size

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)တို့ ပူးပေါင်း၍  မန်္တလေးမှ  ကချင်ပြည်နယ် ဗန်းမော်မြို့အထိ  ယခုနှစ်အတွက်  ဧရာ ၀တီလင်းပိုင် အကောင်ရေ သုတေသနစစ်တမ်း ပြုလုပ်ရာတွင် ၇၉ ကောင်တွေ့ရှိပြီး ယင်းမှာ ဆယ်စုနှစ် နှစ်ခုအတွင်း အများဆုံး တွေ့ရှိမှုဖြစ်ကြောင်း  သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) မှ သိရသည်။

အဆိုပါ စစ်တမ်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ  ကောက်ယူရာတွင် မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ-၁) ၌ ၂၈ ကောင်၊ ထီးချိုင့်- ကသာ- ရွှေကူ (ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ-၂) အပါအ၀င် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ်  ရွှေကူမြို့ကြား၌  ၃၇ ကောင်၊ ဗန်းမော်မြို့၌   ၁၄ ကောင်    စုစုပေါင်း ၇၉ ကောင် သုတေသနပြု တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်တမ်းကောက်ယူမှု ခရီးစဉ်အတွင်း  ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အသိပညာပေး လုပ်ငန်းများကို ကန့်ဘလူမြို့နယ် မလယ်၊ သပိတ်ကျင်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာနှင့် ဂွေးပင်ကျေးရွာ၊ ဗန်းမော်မြို့နယ် ရေနီကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးသောလှေ (စက်နှင့်ရှပ်တန်းပါ) ခုနစ်စီး၊ ရှော့ခ်ပိုက် ၁၀ လက်၊ ရှော့ခ်ဂေါ်တံ ၂၁ ချောင်း၊  ရှော့ခ်ပုံးသုံးလုံး၊ ဘက်ထရီအိုး နှစ်လုံး၊ အဆိပ်ချ ဖမ်းဆီးရာတွင် အသုံးပြုသောဆေး နှစ်ဘူးနှင့် ၀ိုင်ယာကြိုး နှစ်ခွေတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က  ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်း   ကောက်ယူရာတွင် မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးဧရိယာ-၁) ၌ ၂၄ ကောင်၊ ထီးချိုင့်-ကသာ-ရွှေကူ (ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ-၂)  အပါအ၀င် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင် ပြည်နယ် ရွှေကူမြို့ကြား၌ ၃၄ ကောင်နှင့် ဗန်းမော်မြို့နယ်၌ ၁၄ ကောင် စုစုပေါင်း ၇၂  ကောင်ကို   သုတေသနပြု တွေ့ရှိခဲ့ကြောင်း သိရသည်။                    

Read 111 times Last modified on Monday, 24 February 2020 08:15