SJ WorldNews - шаблон joomla Авто

လူသွားစင်္ကြံပေါ်၌ စိတ်အနှောင့်အယှက်ဖြစ်စေမည့် အဟန့်အတားများ ပြုလုပ်ပါက ဥပဒေအရ စိစစ်အရေးယူလျက်ရှိ

Wednesday, 26 February 2020 08:35 font size decrease font size decrease font size increase font size increase font size

လူသွားစင်္ကြံပေါ်၌    စိတ်အနှောင့်အယှက်ဖြစ်စေမည့်   အဟန့်အတားများ ပြုလုပ်ထားသည်ကို တွေ့ရှိပါက ဥပဒေအရ  စိစစ်အရေးယူလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

''ပုဒ်မ ၃၁၅ ပုဒ်မခွဲ(ဎ)မှာ ဘယ်သူမှလူသွားစင်္ကြံပေါ်မှာ ယာဉ်သွားလာခြင်း၊ ယာဉ်ရပ်နားခြင်းနဲ့ အများပြည်သူအနှောင့်အယှက်အဟန့်အတား ဖြစ်စေခြင်းတို့ကို မပြုလုပ်ရဘူးဆိုတာပါပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ မြို့တွင်းခြောက်မြို့နယ်မှာရှိတဲ့ လမ်းမကြီးတွေမှာ စိစစ်နေပြီး တွေ့ရှိရင်လည်း ခရိုင်အုပ်ချုပ်ရေးမှူးကနေ ရှင်းလင်းဖယ်ရှားပါတယ်'' ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အဓိကလမ်းမကြီးများ၊ အမည်တပ်လမ်းများနှင့် နံပါတ်တပ်လမ်းများ၌ နေထိုင်သူများအနေဖြင့် ယာဉ်ရပ်နားရန် မိမိတို့ အိမ်ရှေ့ဥပစာ၌ ပစ္စည်းများချထား၍ နေရာဦးခြင်းကြောင့် မကြာခဏ ရန်ပွဲများ ဖြေရှင်းနေရကြောင်း၊ ယင်းအတွက် စည်ပင်သာယာရေးဥပဒေ ၂ဝ၁၈ အရ လမ်းတံတား၊ စင်္ကြံနှင့်  ရေမြောင်းများဆိုင်ရာ တားမြစ်ချက်များ ပုဒ်မ ၃၁၅ ပုဒ်မခွဲ(စ)တွင်  မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ စင်္ကြံပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊  အိမ်ထောင်ပရိဘောဂပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်းများ  မပြုလုပ်ရန်နှင့် ပထမအကြိမ် ပြစ်မှုကျူးလွန်ပါက ငွေဒဏ် ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်ထားပြီး ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေမည့် အပြုအမူများကြောင့် စစ်ဆေးဖြေရှင်း အရေးယူခဲ့ရာ ၂ဝ၁၉ ခုနှစ်အတွင်း ကျောက်တံတားမြို့နယ်၌ ၅၅၇ မှု၊ ပန်းဘဲတန်းမြို့နယ်၌ ၄၇ မှု၊ လသာမြို့နယ်၌ ၂ဝ၁၄၈ မှု၊ လမ်းမတော်မြို့နယ်၌ ၂၅၃ဝ မှု၊ ပုဇွန်တောင်မြို့နယ်၌ ၆၂၅ မှုနှင့် ဗိုလ်တထောင်မြို့နယ်၌ ၅၄၉ မှုရှိကြောင်း၊ ခရိုင်အလိုက် အရေးယူမှုများမှာ အရှေ့ပိုင်းခရိုင်၌ ၇၉၇ မှု၊ အနောက်ပိုင်းခရိုင်၌ ၈၃၂၆ မှု၊ တောင်ပိုင်းခရိုင်၌ ၂၆၃၁ မှု၊ မြောက်ပိုင်းခရိုင်၌ ၁၁ဝ၇ မှုတို့ကို အရေးယူပြီး ဖြစ်ကြောင်း သိရသည်။

ဇွန်သီတာ

Read 38 times Last modified on Wednesday, 26 February 2020 08:37