SJ WorldNews - шаблон joomla Авто

ဗိုလ်မှူးချုပ်အောင်စန်းချစ်က သတင်းမီဒီယာများနှင့်တွေ့စဉ် ပြင်ဆင်ချက် ဇယား၌ စာပိုဒ်တစ်ပိုဒ် ကျန်ရှိခဲ့မှုအား ရှင်းလင်း ပြောကြား

Wednesday, 26 February 2020 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊  ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခြင်းမပြုမီ    တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်က ၎င်းအပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်  ၁၄၄ ဦးတို့က ပြင်ဆင်ရန်  တင်သွင်းထားသော အချက်များထဲတွင် ပြင်ဆင်ချက်ဇယား၌ စာပိုဒ်

တစ်ပိုဒ် ကျန်ရှိနေကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။  အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဗိုလ်မှူးချုပ်အောင်စန်းချစ်က မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်း ပြောကြားခဲ့သည်။

““ဒီနေ့မနက်မှာ  မိမိ နာယကနဲ့    လွှတ်တော်ကို တင်ပြဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက်  မဆွေးနွေးခင်မှာ    ဘာလို့တင်ပြရလဲ ဆိုတော့ မိမိအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို တင်ပြခဲ့ပါတယ်။  တင်ပြခဲ့တဲ့အချိန်မှာ ပြင်ဆင်ချက်ဥပဒေပုဒ်မ၊  ပုဒ်မခွဲ စုစုပေါင်း ကိုးချက်ရှိပါတယ်။

ဒါပေမဲ့ ဒီနေ့လွှတ်တော်မှာ ဆွေးနွေးမယ့် ပုဒ်မ ၂၆၂ (ဋ)က မိမိတင်ပြထားတဲ့ အတိုင်းမဟုတ်ဘဲနဲ့ စာပိုဒ်ကြီးတစ်ပိုဒ်လုံး ပါမလာတော့ဘဲ ကျန်နေခဲ့ပါတယ်။ ဒါကလည်း အင်မတန်အရေးကြီးတဲ့ စာပိုဒ်ဖြစ်နေပါတယ်””ဟု  ဗိုလ်မှူးချုပ်အောင်စန်းချစ်က ပြောသည်။

ဆက်လက်၍   ဗိုလ်မှူးချုပ် အောင်စန်းချစ်က ““ဒါက တမင်ရည်ရွယ်ချက်ရှိရှိ ချန်ခဲ့တာလား၊ ဒါမှမဟုတ် မတော်တဆဖြစ်တယ်ဆိုရင်လည်း အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးကို ဆောင်ရွက်နေတဲ့အချိန် ပေါ့ပေါ့ဆဆနဲ့ လုပ်ခဲ့တာလား ဆိုတာကို မရှင်းတဲ့အတွက် ပြန်လည်စိစစ်ပေးပြီးမှ ဆက်လက်ဆွေးနွေးရန် တင်ပြခဲ့တာပါ။ နာယကအနေနဲ့လည်း ချက်ချင်းပြန်ဖြေရှင်းပေးပါတယ်။ ပြန်လည်စိစစ်ပေးတဲ့ အချိန်မှာ သူတို့ဘက်က လိုအပ်သွားတယ်။ မိမိဘက်က မှန်ကန်တယ်။ ဒါကြောင့် ပြန်လည်ဖြည့်စွက်ပေးမယ်။   လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ အချိန်မှာလည်းဖြည့်စွက်လိုက်တဲ့ အတိုင်းပဲ ဆွေးနွေးပေးဖို့ နာယကက ချက်ချင်းဆောင်ရွက်ပေးပါတယ်။ မိမိအနေနဲ့ကတော့  နာယကကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုဖြစ်သွားတဲ့ ကိစ္စကိုတော့  တရားဝင်စာနဲ့တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ””ဟု  ပြောသည်။

 ထို့နောက်   ဗိုလ်မှူးချုပ်အောင်စန်းချစ်က ကျန်ခဲ့သည့် စာသားမှာ  ““တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းကို   သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့အကြောင်းကြား၍ နိုင်ငံတော် သမ္မတထံသို့လည်း တင်ပြရမည်””ဆိုသည့် စာသားဖြစ်ကြောင်း သတင်းမီဒီယာများကို ရှင်းလင်း ပြောကြားခဲ့သည်။

Read 110 times Last modified on Wednesday, 26 February 2020 08:42