SJ WorldNews - шаблон joomla Авто

သံဈေး မီးလောင်ရာတွင်မီးငြှိမ်းသတ်ရေး ရှာဖွေ ကယ်ဆယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

Thursday, 27 February 2020 08:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂၆

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ သံဈေးအဆောက်အအုံ မီးလောင်ရာတွင် အချင်းချင်း စည်းလုံးညီညွတ်စွာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပစ္စည်းဥစ္စာများကို ကာကွယ် စောင့်ရှောက်ပေးနိုင်ခဲ့သည့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် သီတာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများက သံဈေးမီးလောင်မှုတွင် စွမ်းစွမ်းတမံ သက်စွန့်ဆံဖျား  မီးလောင်ပြင်အတွင်း ဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များ၏ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား ဗီဒီယိုမှတ်တမ်းဖြင့်    ရှင်းလင်းပြသမှုကို ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး   အလှူရှင်များက သံဈေးမီးလောင်မှုတွင် စွမ်းစွမ်းတမံ သက်စွန့်ဆံဖျား ပါဝင်ဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်း အကြောင်းနှင့် ပတ်သက်၍   ရှင်းလင်းပြောကြားပြီး သံဈေးကွန်ဒိုမီနီယမ်တွင် နေထိုင်ကြသော မိသားစုများကိုယ်စား မိသားစုဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးက သံဈေးမီးလောင်မှုတွင် မီးငြှိမ်းသတ်ရေး ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ  မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။ 

Read 40 times Last modified on Thursday, 27 February 2020 08:55