SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Wednesday, 04 March 2020 11:49 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ ၆၄ နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြုစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း     ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် -

(က)   စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၂၉-၂-၂ဝ၂ဝ)ရက် မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်း စသည့် ရောဂါလက္ခဏာများဖြင့်  မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ (၁-၃-၂ဝ၂ဝ)ရက်တွင် တက်ရောက်ကုသမှု ခံယူခဲ့ရာ လူနာအား စမ်းသပ်စစ်ဆေးချက်များအရ     လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွားရာဇဝင် မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသဖြင့် (၂-၃-၂ဝ၂ဝ)ရက် ည ၆ နာရီခွဲအချိန်တွင် မန္တလေးမြို့ ကန်တော်နဒီဆေးရုံသို့ ညွှန်းပို့ခဲ့သည်။ အဆိုပါ လူနာအား စောင့်ကြည့်လူနာ (Person  Under Investigation -PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့   ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

(ခ)     ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အသက် ၂၅ နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား အမျိုးသမီးတစ်ဦးသည် (၂ဝ-၂-၂ဝ၂ဝ)ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး (၁-၃-၂ဝ၂ဝ)ရက်မှ စတင်၍

ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့် ပြင်းထန်စွာနုံးခွေခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၃-၃-၂ဝ၂ဝ)ရက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီး ပြင်ပလူနာဌာနသို့ လာရောက်ပြသခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်လူနာ (PUI)အဖြစ် သတ်မှတ်၍  သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

(ဂ)     ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အသက် ၃၈ နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှ (၁၁-၂-၂ဝ၂ဝ) ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၂-၃-၂ဝ၂ဝ)ရက် မှစတင်၍ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းနှင့် ပြင်းထန်စွာ နုံးခွေခြင်းတို့ ခံစားခဲ့ရသဖြင့် (၃-၃-၂ဝ၂ဝ) ရက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီး ပြင်ပလူနာဌာနသို့ လာရောက်ပြသခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ COVID-19 ရောဂါသံသယလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်လူနာ (PUI)အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

(ဃ)   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဂျယ်ခေါင်မြို့တွင် နေထိုင်သော အသက် ၉ နှစ်အရွယ် ဒုတိယတန်းကျောင်းသား တစ်ဦးသည် ဂျယ်ခေါင်မြို့မှ မူဆယ်မြို့သို့ နေ့စဉ်ကျောင်းတက်ရန် လာရောက်လျက်ရှိပြီး (၃-၃-၂ဝ၂ဝ)ရက်တွင် ဂျယ်ခေါင်မြို့မှ မူဆယ်မြို့သို့လာရောက်စဉ် မူဆယ်နယ်စပ်ဝင်/ထွက်ဂိတ်၌ အဖျားစစ်ဆေးရာ ဖျားခြင်း၊ လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ (PUI)အဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၄င်းအား စစ်ဆေးရာတွင် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

(၃-၃-၂ဝ၂ဝ)ရက် ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)၏ ပြန်ကြားချက်အရ သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိသော-

(က)   ဝေဘာဂီအထူးကုဆေးရုံမှ အသက် ၂၉ နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားတစ်ဦး၊ (ခ)          ဝေဘာဂီအထူးကုဆေးရုံမှ အသက် ၃၇ နှစ်အရွယ် နယူးဇီလန်နိုင်ငံသား အမျိုးသားတစ်ဦး၊

(ဂ)     ဝေဘာဂီအထူးကုဆေးရုံမှ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့်

(ဃ)   စစ်တွေပြည်သူ့ဆေးရုံကြီးမှ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး စုစုပေါင်းလေးဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19  ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရသည်။ ၄င်းတို့လေးဦး၏ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပြီး ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များအရ ဆေးရုံတွင် ၄၈ နာရီ ဆက်လက်ထားရှိပြီးနောက် ကျန်းမာရေး အခြေအနေ ကောင်းမွန်စိတ်ချရမှသာ ဆေးရုံဆင်းခွင့်ပြုမည် ဖြစ်သည်။

ယနေ့ (၃-၃-၂ဝ၂ဝ)ရက် ည ၆ နာရီအချိန်အထိ ကျန်လူနာလေးဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။

(၂-၃-၂ဝ၂ဝ)ရက်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ကျောင်းသူသုံးဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Information Center မှ စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် လက်ရှိတွင်ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ရောဂါပျိုးရက်အတွင်း ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက စောစီးစွာကုသနိုင်ရန်နှင့် ၄င်းတို့၏ မိသားစုဝင်များနှင့် အခြားသူများသို့ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အသွားအလာတား မြစ်ကန့်သတ်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Hospital Quarantine) ၁၄ ရက်ပြုလုပ်ရန် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားရှိသည်။

(၃-၃-၂ဝ၂ဝ)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့အပါအဝင် ကမ္ဘာ့နိုင်ငံ ၆၄ နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက် ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ထပ်မံတိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

Read 53 times Last modified on Wednesday, 04 March 2020 11:50