SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ရက်ရွှေ့ဆိုင်း

Thursday, 05 March 2020 08:32 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မြန်မာ့ရုပ်ရှင်နှစ် (၁ဝဝ) ပြည့်ကာလနှင့် တိုက်ဆိုင်၍ ခမ်းနားစွာကျင်းပရန် စီစဉ်ထားသော်လည်း   ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ Coronavirus Disease (COVID-19) ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်သူများထံ အသိပေးနှိုးဆော် ပန်ကြားချက်များ ပြုလုပ်ခဲ့သည့်အတွက်  ပြည်သူ့ကျန်းမာရေးကို အလေးထားသည့် အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် မတ် ၂၉ ရက်တွင်ကျင်းပမည့်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ရက်ရွှေ့ဆိုင်းကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ကြေညာချက်ထုတ်ပြန်ကြောင်း သိရသည်။    

''မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို  မတ်လမှာမလုပ်တော့ဘဲ သင်္ကြန်အပြီး မေလ လဆန်းပိုင်းလောက်မှပဲ   စီစဉ်သွားဖို့များတယ်''ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောသည်။

''ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ အမှုဆောင်များ၊ ပွဲတော်ကျင်းပရေးအတွက် ပံ့ပိုးကူညီပေးမယ့် Bella ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျင်းပရေး တာဝန်ခံများ အစည်းအဝေးမှာ   အဘက်ဘက်က သုံးသပ်ပြီး ဆုံးဖြတ် လိုက်တာပါ''ဟု  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဦးက ပြောသည်။

''မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ရုပ်ရှင်လောကသားများ   တက်ရောက်ကြမှာဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့ အခုလိုရက်ရွှေ့ဆိုင်းတာ သင့်မြတ်ပါတယ်''ဟု   ကျင်းပရေးတာဝန်ခံ ဦးဆန်းဝင်းဦး(ဘိုဆန်း)က ပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပနိုင်မည့်ရက်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြိုတင် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)က ကြီးမှူး၍ Staller Seven Entertainment မှ တာဝန်ယူ ဆောင်ရွက်သော Star Awards  ပွဲအခမ်းအနားကို ၂ဝ၂ဝ ပြည့်နှစ်  ဧပြီလပထမပတ်တွင် ကျင်းပရန်စီစဉ် ဆောင်ရွက်ထားသော်လည်း Coronavirus  Disease(COVID-19) နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစာကို လေးစားသောအားဖြင့်  ရက်ရွှေ့ဆိုင်း ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကျင်းပမည့်နေ့ကို ထပ်မံအသိပေး ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်သူဇာမင်း(FDC)

Read 35 times Last modified on Thursday, 05 March 2020 08:33