SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Thursday, 05 March 2020 08:33 font size decrease font size decrease font size increase font size increase font size

ရောဂါဖြစ်ပွားသည့် နိုင်ငံပေါင်း ၇၃ နိုင်ငံအထိ ရှိလာပြီး သေဆုံးသူပေါင်း ၃၁ဝဝ ကျော်အထိရှိလာ

COVID-19 ရောဂါနှင့် ပတ်သက်၍ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ  ၄ ရက်မှ မတ် ၄ ရက်အထိ ကမ္ဘာ့နိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့် နိုင်ငံစုစုပေါင်း ၇၃ နိုင်ငံ၌ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြုလူနာ  စုစုပေါင်း ၉ဝ၈၇ဝ ဦးရှိပြီး  သေဆုံးသူစုစုပေါင်း ၃၁၁၂ ဦးရှိကြောင်း   သိရသည်။

ကမ္ဘာ့ဒေသအသီးသီးတွင်   ရောဂါကူးစက်ဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြား လာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှ   ရောဂါကူးစက်မှု (Imported case) များသာမက နိုင်ငံတွင်း၌ပါ ရောဂါကူးစက်မှု (Local transmission) များ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပတွင် နိုင်ငံတွင်းကူးစက်မှုဖြစ်ပွားသော နိုင်ငံပေါင်း ၃ဝ နိုင်ငံမှာ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်၊ စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား၊ ဗီယက်နမ်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ ခရိုအေးရှား၊ ဆန်မာရီနို၊ နော်ဝေ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂရိ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အစ္စရေး၊ ထိုင်း၊ အင်ဒိုနီးရှား၊ အီရန်၊ ယူအေအီး၊ လက်ဘနွန်၊ အမေရိကန်၊ ကနေဒါ၊ အီကွေဒေါနှင့် အယ်လ် ဂျီးရီးယားတို့ဖြစ်သည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ (၂၈-၂-၂ဝ၂ဝ)ရက်ထုတ်ပြန် ချက်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားနိုင်မှု အခြေအနေ (Risk Assessment)အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ (China)၊ ဒေသတွင်း နိုင်ငံများ (Regional)နှင့် ကမ္ဘာ့နိုင်ငံများအားလုံး (Global)တွင် အလွန်မြင့်မားသည့်အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ (၄-၃-၂ဝ၂ဝ)ရက် ညနေ ၄ နာရီအထိ

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် (၃၁-၁-၂ဝ၂ဝ)ရက်မှ (၄-၃-၂ဝ၂ဝ)ရက်အထိ သံသယလူနာနှင့် စောင့်ကြည့်လူနာ တွေ့ရှိရမှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂ဝ ဦး၊  ရှမ်းပြည်နယ်တွင် ၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁ဝ ဦးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် ၁၃ ဦး စုစုပေါင်း ၅၆ ဦးတို့ ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ ၇၂ နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊  ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင်-

(        က      )        ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင်နေထိုင်သော အသက်(၂၈) နှစ်အရွယ် အမျိုးသား တစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်နယ်၌ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး(၁-၃-၂ဝ၂ဝ) ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရာ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီနယ်စပ်ဂိတ်တွင် ကိုယ်အပူချိန်မြင့်တက်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် ကန်ပိုက်တီတိုက်နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ကျန်းမာရေးစစ်ဆေးခဲ့ရာ လူနာသည် (၂၃-၂-၂ဝ၂ဝ)ရက်မှစတင်၍  ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောခြင်း စသော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်း တွေ့ရှိရသည့်အတွက် ၄င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍   အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့   ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

(                )        မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သော အသက်(၆၈)နှစ်အရွယ် ဆီးချိုရောဂါ အခံရှိသူ အမျိုးသမီးကြီး တစ်ဦးသည် (၂၇-၂-၂ဝ၂ဝ)ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊  အသက်ရှူကျပ်ခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရပြီး သတိကောင်းစွာ မရသဖြင့် (၄-၃-၂ဝ၂ဝ)ရက်တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ လွန်ခဲ့သော (၁၄)ရက်အတွင်း ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသော ဒေသများသို့ ခရီးသွား ရာဇဝင်မရှိသော်လည်း   ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများနှင့် COVID-19  ရောဂါသံသယလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှု ပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

(                )        ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၃၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည်(၂-၃-၂ဝ၂ဝ)ရက်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၂၆-၂-၂ဝ၂ဝ)ရက်မှစ၍  ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊  မောပန်းခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ  (၄-၃-၂ဝ၂ဝ)ရက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့သည်။  ၄င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍  သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး  ၄င်းထံမှဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

စင်ကာပူနိုင်ငံ၌ နေထိုင်ခဲ့စဉ် ကာလအတွင်း  COVID-19 ရောဂါဖြစ်ပွားလာသူနှင့် ထိတွေ့ခဲ့သည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦးအား  ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံတွင် အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိအောင် ဆေးရုံတွင်   သီးသန့်ထားရှိ၍ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး ဓာတ်ခွဲနမူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (ရန်ကုန်)တွင် စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုးမရှိကြောင်းကို တွေ့ရှိရသည်။   အဆိုပါ အမျိုးသားသည် COVID-19 ရောဂါဖြစ်ပွားလာသူနှင့် ထိတွေ့ခဲ့သူဖြစ်သဖြင့် ၄င်းထံမှ နောက် (၃) ရက်အကြာတွင် ဓာတ်ခွဲနမူနာ ထပ်မံရယူ၍ စစ်ဆေးသွားမည်ဖြစ်သည်။ အဆိုပါအမျိုးသားသည် ယနေ့ (၄-၃-၂ဝ၂ဝ)ရက် ညနေပိုင်းစစ်ဆေးချက်အရ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေသည်။

ယနေ့ (၄-၃-၂ဝ၂ဝ) ရက်  ည ၆ နာရီအထိ လူနာ ခုနစ်ဦးအား သက်ဆိုင်ရာဆေးရုံများတွင်   စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်။

(၄-၃-၂ဝ၂ဝ)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း   ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို   အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ ၇၃ နိုင်ငံတွင် COVID-19 ရောဂါကူးစက် ဖြစ်ပွားလျက် ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး အချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။ COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများ၊ ရောဂါကူးစက်ပြန့်ပွားမှု များပြားရာ နေရာဒေသမှ ပြည်တွင်းသို့ ရောက်ရှိခဲ့သူများနှင့်  သံသယရောဂါလက္ခဏာ ဖြစ်ပွားလာသူများ အနေဖြင့်   အနီးဆုံးကျန်းမာရေးဌာနသို့ မဖြစ်မနေ သတင်းပေးပို့ကြပါရန်၊ သံသယရောဂါ လက္ခဏာ ဖြစ်ပွားသူများကို တွေ့ရှိပါက  ပြည်သူများ အနေဖြင့်လည်း အနီးဆုံးကျန်းမာရေးဌာနထံသို့  သတင်းပေးပို့ ပါရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ကြပါရန် ထပ်မံတိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

Read 30 times Last modified on Thursday, 05 March 2020 08:34