Print this page

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီး

Friday, 06 March 2020 13:42 font size decrease font size decrease font size increase font size increase font size

အဋ္ဌမအကြိမ်   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့    ဒုတိယအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တသေဌိလက ဆောင်ရွက်တော်မူသည်။

ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူကြသော  နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်ကြီးများ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာရေးဆိုင်ရာများကို လျှောက်ထား သည်။

ယင်းနောက် အခမ်းအနားမှူး ဆရာတော်က ယနေ့ဖြန့်ဝေ ဆက်ကပ်ထားသည့် အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပသွားမည် ဖြစ်ကြောင်း လျှောက်ထားသည်။

ထို့နောက်     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကိုယ်စား အဖွဲ့ဝင်  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ    အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဆရာတော် ဘဒ္ဒန္တစန္ဒော ဘာသက   သံဃနာယကလက်စွဲ  အခန်း(၅)၊ အပိုဒ်(၆၄)၊  အပိုဒ်ခွဲ(ခ) ကျောင်းထိုင် ပုဂ္ဂိုလ်၏ ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်ပြင်ဆင်ရန် ကိစ္စကို လျှောက်ထား၍ အတည်ပြု ဆုံးဖြတ်ချက်ရယူသည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ  အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက   မန္တလေးမြို့  ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက နိုင်ငံတော်သံဃဝိနိစ္ဆယ အဖွဲ့ဝင်ဆရာတော်များအား နိုင်ငံတော်ဝိနည်းဓိုရ် လက်မှတ်များ ဆက်ကပ်ပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။

မွန်းလွဲပိုင်းတွင် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုး ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်းစာအုပ်ကြီး၌ သြဝါဒါစရိယ ဆရာတော် ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်၊ ဂိုဏ်းအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ် တစ်ပါးစီတို့က လက်မှတ်ရေး ထိုးတော်မူကြသည်။  

ထို့နောက် သဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက  မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်  ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ  နိဂုံးချုပ်ဥယျောဇနကထာကို နာယူတော်မူကြပြီး အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့်   ဆရာတော်အားလုံးက ''ဇယန္တောဗောဓိယာမူလေ''အစချီနှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး  သာဓုသုံးကြိမ် ခေါ်ဆိုကာ အဋ္ဌမအကြိမ်  နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့  ဒုတိယအစည်းအဝေးကြီး   အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

Read 66 times Last modified on Friday, 06 March 2020 14:02