SJ WorldNews - шаблон joomla Авто

အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမှုနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

Tuesday, 10 March 2020 09:23 font size decrease font size decrease font size increase font size increase font size

အထည်ချုပ်စက်ရုံများ  ပိတ်သိမ်းမှုကြောင့်  အလုပ်သမား  ၇ဝဝဝ  ကျော် အလုပ်အကိုင် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် အလုပ်သမားအဖွဲ့  ၁၂  ဖွဲ့  ပူးပေါင်းပြီး    ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သော အလုပ်သမားများ အစုအဖွဲ့အားလုံး၏ အရေးပေါ် တောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲကို မတ် ၈ ရက်က  ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်ရှိ  Sky  Hotel ၌ ကျင်းပသည်။

အဆိုပါ    သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားအဖွဲ့  ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဖြေကြားပြီး ကုန်ကြမ်းပြတ်လပ်မှု စောင့်ကြည့်စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းရန်၊  ယင်းအဖွဲ့ကို   သက်ဆိုင်ရာအစိုးရ အဖွဲ့များက အသိအမှတ်ပြုပေးရန်၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်း မတက်စေရေး အစိုးရအဖွဲ့များက  ထိန်းညှိပေးရန်နှင့်  ကိုရိုနာဗိုင်းရပ် ဖြစ်ပွားပါက   လုပ်ဆောင်ရမည့် အချက်များ ပြင်ဆင်မှုယန္တရားကို ချပြပေးရန်  စသည့်အချက်များကို  သတင်းစာ ရှင်းလင်းပွဲ မှတစ်ဆင့်    တောင်းဆိုလိုက်ကြောင်း သိရသည်။

''ကိုရိုနာဗိုင်းရပ်ကြောင့်   ကုန်ကြမ်းပြတ်တယ်ဆိုတာကို အကြောင်းပြပြီး စက်ရုံတွေ ပိတ်လိုက်တော့   အလုပ်သမား တွေ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ ကုန်ကြမ်း တကယ်ပြတ်လပ်လို့ ပိတ်တာကို ကျွန်တော်တို့ လက်ခံတယ်။  ဒါပေမဲ့ တကယ်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ စိစစ်ဖို့ လိုပါတယ်။  အော်ဒါမရှိလို့ ပိတ်လိုက်တာတွေကတော့ သံသယ ဖြစ်စရာတွေ ဖြစ်နေတယ်''    ဟု အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ   အထွေထွေအတွင်း ရေးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။

လက်ရှိ  မြန်မာနိုင်ငံအတွင်း  တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုမှာ စက်ရုံ ၂၆၂ ရုံခန့်ဖြင့် နံပါတ် (၁) နေရာ၌ ရပ်တည်နေပြီး မြန်မာနိုင်ငံသားပိုင်  စက်ရုံ  ၉၂  ရုံ၊  ဂျပန်နိုင်ငံသားပိုင် စက်ရုံ ၂ဝ နှင့်  တောင်ကိုရီးယား နိုင်ငံသားပိုင် စက်ရုံ  ၆ဝ ကျော်ရှိကြောင်း သိရသည်။         

မောင်မျိုး(ဧရာဝတီ)

Read 44 times Last modified on Tuesday, 10 March 2020 09:25