SJ WorldNews - шаблон joomla Авто

ရွှေဖလားကြက်သွန်နီနှင့်ဆီစားနေကြာကွင်းသရုပ်ပြစိုက်ခင်း စံကွက်ရိတ်သိမ်း

Saturday, 21 March 2020 09:54 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး စလင်းမြို့ မြေမိ ရပ်ကွက် ကွင်းအမှတ်(၄၁၈)ရှိ တောင်သူ ဦးသိန်းထွန်း၏ လယ်မြေ သုည ဒသမ ၆ဝ ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူပူးပေါင်းစိုက်ပျိုး ထားသော ရွှေဖလားကြက်သွန်နီနှင့်ဆီစား နေကြာသီးထပ်သီးညှပ်စိုက်ပျိုးမှုတောင်သူ ပညာပေးကွင်းသရုပ်ပြစိုက်ခင်း စံပြကွက် ရိတ်သိမ်းပွဲကို မတ် ၂ဝ ရက် နံနက်ပိုင်း တွင် ကျင်းပသည်။

အဆိုပါစံပြကွက်ကို မိုးစပါးစိုက်ပျိုးရိတ် သိမ်းပြီး လယ်မြေပေါ်တွင် သဘာဝမြေ သြဇာနွားချေး ငါးတန်၊ ဖွဲပြာနှစ်တန် မြေချ အသုံးပြုပြီး ၄၅ ရက်သား ကြက်သွန်နီ ပျိုးပင်များနှင့်ဆီစားနေကြာမျိုးများကို လေးလက်မခြား ရေဖျန်းစနစ်ဖြင့် ၂ဝ၁၉  ခုနှစ် ဒီဇင်ဘာလမှစ၍ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊   ထိုသို့ စိုက်ပျိုးပြီးရက် ၉ဝ အကြာတွင် ကြက်သွန်နီ အထွက်နှုန်းခန့်မှန်းနိုင်ရန်အတွက် တစ်ဧက ၏ ၁ဝဝဝ ပုံ ၁ ပုံ ၆ ဒသမ ၆ ပေပတ်လည် တွင် ကွက်ကိုရိတ်သိမ်းရာ ၃ ဒသမ ၁၆  ပိဿာထွက်ရှိပြီး တစ်ဧကအထွက်နှုန်း ပျမ်းမျှ ၃၁၆ဝ ပိဿာ ထွက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ် ရာတွင် ဓာတုဓာတ်မြေသြဇာများကို အလွန် အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီး ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီး ခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့်အခြား သောဘေးထွက်ဆိုးကျိုးများကို နောက်ဆက် တွဲအနေဖြင့် ခံစားကြရပြီး ၄င်းပြဿနာ များကို   ကုစား ဖြေရှင်းပေးနိုင်သည့် နည်းလမ်း ကောင်းတစ်ခုအနေဖြင့် သဘာဝ မြေသြဇာ အသုံးပြုတောင် သူအသိပညာပေး စံပြ စိုက်ခင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နေကြာ ရိတ်သိမ်းပြီးပါက သဘာဝမြေသြဇာ အသုံးပြု၍ နှမ်းနက်ဆင်း ရတနာ-၃ မျိုးများ ကို ဆက်လက် စိုက်ပျိုး၍ သီးထပ် သီးညှပ် စိုက်ပျိုးမှု တောင်သူ အသိပညာပေးကွင်း သရုပ်ပြပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး  ဦးမြင့်လင်း၏   ပြောပြချက်အရ  သိရ သည်။          

 စိုးမိုးသူ(စလင်း)

Read 40 times