Print this page

မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၌ အဲကွန်းပါ လေအိတ်ရထား စတင်ပြေးဆွဲ

Sunday, 22 March 2020 10:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၌ အဲကွန်းပါ လေအိတ်တွဲဆိုင်း အသစ်များဖြင့် အမှတ်(၃၁)အဆန်နှင့် အမှတ်(၃၂)အစုန်တို့ စတင် ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေး ဘူတာကြီး၌ ကျင်းပသည်။

အခမ်းအနား၌  ပြည်ထောင်စုဝန်ကြီး  ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများက မွန်းလွဲ ၁ နာရီ တွင် မန္တလေးဘူတာမှ စတင်ထွက်ခွာမည့် အမှတ်(၃၁)အဆန် ရထားစီး ခရီးသွားပြည်သူများ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ယခုပြေးဆွဲပေးသည့် အဲကွန်းပါ လေအိတ်ရထားတွဲများကို ကိုရီးယားသမ္မတနိုင်ငံ ချေးငွေဖြင့် ဝယ်ယူခဲ့ပြီး  အထက် တန်းတွဲ ၁ဝ တွဲ၊ စားသောက်တွဲတစ်တွဲနှင့် လူစီးဘရိတ်တွဲ တစ်တွဲ စုစုပေါင်း ၁၂ တွဲဖြင့် ခရီးစဉ် စ/ဆုံး အထက်တန်း(ထိုင်ခုံ) တစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်း၊ ရိုးရိုးတန်း(ထိုင်ခုံ) တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်သည်။

ထိုသို့ ပြေးဆွဲရာတွင် အမှတ်(၃၁) အဆန်ရထားသည် မန္တလေးဘူတာမှ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ် (၃၂)အစုန်ရထားသည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် ထွက်ခွာ၍ မန္တလေးဘူတာ သို့ နောက်တစ်နေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ လမ်းခရီးတွင် ရွှေဘို၊  ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းဘူတာတို့တွင်   ရပ်တန့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။                  

(သတင်းစဉ်)

Read 59 times Last modified on Sunday, 22 March 2020 10:36