Print this page

ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

Tuesday, 24 March 2020 12:47 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်  မတ် ၂၃၊ အမျိုးသားလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ်  အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားကြသော ကြယ်ပွင့်ပြ မေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းဖြေကြားသည်။  ထို့နောက် အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် အဆုံးအဖြတ်ရယူသည်။   ယင်းနောက်မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ၎င်းဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုကိုထောက်ခံပြီး ၎င်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။ ၎င်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆိုပါ အစီရင်ခံစာအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို  ဆောင်ရွက်ကြသည်။

ဆက်လက်၍   ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အဓိကတာဝန်မှာလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရန်ဖြစ်ကြောင်း၊  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ကျင့်သုံးရကြောင်း၊  ထိုသို့လိုက်နာကျင့်သုံးနိုင်ရန် မူပိုင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥပဒေနှင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို လည်းကောင်း၊ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်လုပ်ကိုင်ရာ၌ လိုက်နာကျင့်သုံးရမည့် နည်းဥပဒေများကို လည်းကောင်း ပြဋ္ဌာန်း သတ်မှတ် ထုတ်ပြန်ရသဖြင့် ပြင်ဆင်ထားသည့် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ နည်းဥပဒေများအား ရည်ရွယ်ပြီး ဆွေးနွေး သွားမည်ဖြစ်ကြောင်း။

မိမိ အနေဖြင့် ''နည်းဥပဒေခွဲငယ် (၁)(၂)(၃) နှင့် (၄)တို့ပါ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ကြိုတင်ဆန္ဒမဲ ပေးခြင်းကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတို့သည် ကြိုတင်ဆန္ဒမဲပေးသူ၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မထိခိုက်စေဘဲ လုံခြုံရေးအရ အန္တရာယ်ရှိသော နေရာများ၊ သွားလာရန် ကန့်သတ်ထားသော နေရာများမှအပ လိုက်ပါကြည့်ရှုနိုင်သည်''ဟု ပြင်ဆင်လိုကြောင်း၊ပြင်ဆင်လိုသည့်  အကျိုးအကြောင်းဖော်ပြချက် အနေဖြင့် သက်ဆိုင်ရာ ခွင့်ပြုသတ်မှတ်ထားသော ပုဂ္ဂိုလ်များသည် ကြိုတင်ဆန္ဒမဲပေးသူ၏ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေဘဲ မဲပေးခြင်းနှင့် မသက်ဆိုင်သော နေရာများသို့ သွားလာနိုင်ခြင်း မရှိစေရန်     ပြင်ဆင်ခြင်းဖြစ်ကြောင်း။

ထို့ပြင် တပ်မတော် တပ်ရင်း/တပ်ဖွဲ့များ အနေဖြင့် တပ်ရင်းတပ်ဖွဲ့လုံခြုံရေး၊ စစ်မှုထမ်းလုံခြုံရေး၊ စစ်ပစ္စည်းလုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လုံခြုံရေး၊ စစ်သတင်း လုံခြုံရေးများအား ပြင်ပသို့ မပေါက်ကြားသင့်သည်များ မပေါက်ကြားအောင် ထိန်းသိမ်း ဆောင်ရွက်ရသည့် နေရာများဖြစ်ကြောင်း၊ တပ်တွင်းရှိ မိသားစုများကိုယ်တိုင် သတ်မှတ်ပေးထားသော နေရာများမှအပ လုံခြုံရေးအရ  တားမြစ်ထားသော နေရာများသို့ သွားလာမှုမရှိစေရေး လိုက်နာဆောင်ရွက်ရကြောင်း၊ ထိုကဲ့သို့ လုံခြုံရေးအရ အန္တရာယ်ရှိသော ကန့်သတ်တားမြစ် ထားသော နယ်မြေဧရိယာများ  အတွင်းသို့ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုသတ်မှတ်ထားသော ပုဂ္ဂိုလ်များ သွားရောက်ပါက တပ်အနေဖြင့် တားမြစ်ထားသဖြင့် မလိုလားအပ်သော ရှုပ်ထွေးမှုများ  ဖြစ်ပေါ်လာနိုင်သည့်အတွက် ဖြည့်စွက်ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း။

ဆက်လက်၍ နည်းဥပဒေ ၅၆(က) (၄)ကို ပြင်ဆင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ''မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အမည်စာရင်း ရရှိရေးအတွက် သက်ဆိုင်ရာ တပ်မှူးထံမှစာဖြင့် တောင်းယူရမည်၊ ထိုစာရင်းကို ရရှိသည့်အခါ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု     ကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းစာရင်းများကို ပုံစံ(၁)နှင့် တိုက်ဆိုင်စစ်ဆေး၍ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ စာရင်းကို ပုံစံ(၁-၂)ဖြင့် သီးခြားရေးမှတ်ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွင် လျှို့ဝှက်သိမ်းဆည်း ထားရှိရမည်''ဟု ပြင်ဆင်လိုကြောင်း၊ ကျိုးကြောင်းဖော်ပြချက် အနေဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေရှိ တပ်မတော်သားများ၏ အင်အားစာရင်း(မဲစာရင်း)သည် တပ်မတော်၏ သဘောသဘာဝအရ ထိပ်တန်းလျှို့ဝှက်အဆင့် ထားရှိရမည့် ကိစ္စဖြစ်၍ မသက်ဆိုင်သူများထံ ပေါက်ကြားမှု မရှိစေရန် မြို့နယ်ရွေးကောက်ပွဲ  မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌သာ သိမ်းဆည်း ထားရှိရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ အင်အားစာရင်းသည်  တပ်ရင်းတပ်ဖွဲ့၏ စာရွက်စာတမ်း လုံခြုံရေးဖြစ်ပြီး တပ်တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တပ်၏ အင်အားစာရင်းများကို မင်နီတားပြီး ဖော်ပြပါက တပ်တွင်းရှိ၊ တပ်ပြင်ရှိ အင်အားများကို မလိုအပ်သူများ သိရှိ၍ အန္တရာယ်ဖြစ်လာနိုင်ကြောင်း။

စာရွက်စာတမ်းများကို ဆောင်ရွက်နေသူ အနေဖြင့်လည်း လုံခြုံရေးအရ ထားရှိရမည့် စာရွက်စာတမ်းများ ပေါက်ကြားပါက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်အက် ဥပဒေပုဒ်မ၅(၁)(ဃ)အရ ပြစ်မှုမြောက်မည် ဖြစ်သည်ကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး အဖွဲ့ဝင်များ အထူးသတိထားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် တပ်မတော်သားများနှင့် သက်ဆိုင်သည့် မဲစာရင်း၊ ကြိုတင်ဆန္ဒမဲ ပြုသူစာရင်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ တပ်မှူးတို့သည်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ထို့ကြောင့်   သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွင် ရှိသည့်     တပ်မတော်သားများ၏ အင်အားစာရင်း(မဲစာရင်း)ကို ပေါက်ကြားမှု မရှိစေရေးအတွက်    ပြင်ဆင်ရခြင်းဖြစ်ကြောင်း။

နည်းဥပဒေ ၆ဝ(က)(၁) ကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ အတွက်ဖြစ်လျှင် ကော်မရှင်က ''သက်ဆိုင်ရာ တပ်မှူးနှင့် ညှိနှိုင်းသတ်မှတ်သော နေ့ရက်နှင့်အချိန် အတွင်းတွင် သက်ဆိုင်ရာ တပ်ဖွဲ့၌ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က စီစဉ်ပေးသည့် နေရာ၌'' ဖြည့်စွက်ပြင်ဆင်လိုကြောင်း၊ ကျိုးကြောင်း ဖော်ပြချက်အနေဖြင့် မည်သည့် နိုင်ငံတကာ တပ်မတော်မဆို တပ်မတော်၏ သဘော သဘာဝအရ ၂၄ နာရီပတ်လုံး အမြဲအသင့်ရှိပြီး တာဝန်ရှိသူများဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရသူများ ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ တာဝန်ထမ်းဆောင်ရမည့် အခြေအနေကို သက်ဆိုင်ရာ တပ်မှူးသာ အသိဆုံးဖြစ်ကြောင်း၊ ထို့ပြင် တစ်ခါတစ်ရံ အရေးပေါ်ကိစ္စများကို ချက်ချင်းဆောင်ရွက်ရသည့် အခြေအနေများလည်း ရှိကြောင်း၊ ထိုကဲ့သို့ အခြေအနေများ ရှိသဖြင့် တပ်မတော်သားများနှင့် အတူနေ မိသားစုဝင်များ ကြိုတင်ဆန္ဒမဲပေးရန် နေ့ရက်နှင့်အချိန်ကို သက်ဆိုင်ရာ တပ်မှူးနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အတွက် ဖြစ်ကြောင်း။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ပုဒ်မ ၃၈ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၃၆၉ ပုဒ်မခွဲ(က)တို့အရ ''နိုင်ငံသားတိုင်းသည် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဖြစ်စေ၊    သက်ဆိုင်ရာ ဥပဒေ များနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်''ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ မဲဆန္ဒနယ် ပြင်ပရောက် တာဝန်ထမ်းဆောင် နေရသော တပ်မတော်သားများနှင့် ဆန္ဒမဲပေးရက်မတိုင်မီ တာဝန်ထမ်းဆောင်ရန် သွားရောက်ရမည့် တပ်မတော်သားများသည် ဥပဒေနှင့် ညီညွတ်သည့် နိုင်ငံသားများဖြစ်သောကြောင့်  နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် မိမိတို့ကို ကိုယ်စားပြုမည့် လွှတ်တော်များ၏   ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ခွင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန် ဖြစ်ကြောင်း၊  ဥပဒေပြဋ္ဌာန်းချက်များကို ရှောင်ရှားပြီး လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်း၍ ပြင်ဆင်ဖြည့်စွက်လိုခြင်းဖြစ်ကြောင်း၊ ''မဲပေးရာတွင် လွယ်ကူအဆင်ပြေခြင်း''ကို မဲလက်မှတ်သည် မည်မျှခက်ခဲရှုပ်ထွေးသည်၊ မဲဆန္ဒရှင်များ မဲရုံသို့ လာရောက်ရန် မည်မျှလွယ်ကူသည်၊ မဲဆန္ဒရှင်သည် မည်မျှမှန်ကန်တိကျသည် နှင့် မိမိပေးသော မဲလက်မှတ်၏ လျှို့ဝှက်လုံခြုံမှုပေါ်တွင် မဲဆန္ဒရှင်အနေဖြင့် မည်မျှအထိ စိတ်ချယုံကြည်မှုရှိသည် စသည်တို့ဖြင့် ဆုံးဖြတ်ကြကြောင်း ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက မိမိအနေဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့်   နည်းဥပဒေ ၅ နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဆိုပြု ပြဋ္ဌာန်းချက်တွင် မဲစာရင်းပြုစုရာ  ရပ်/ကျေးအုပ်ချုပ်ရေးမှူးက ပြုစုထားသော လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ    မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသော   လူဦးရေစာရင်းကို အခြေခံပြုစုရမည်ဖြစ်သည်ကို ဖော်ပြထားကြောင်း၊ ၎င်းအဆိုပြုပြဋ္ဌာန်းချက်   နည်းဥပဒေ ၅ ၏ခြေဆင်းတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည်     သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲစာရင်းပြုစုရာတွင်ဟူ၍  ''သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ'' ဟူသော စကားရပ်ကို ဖြည့်စွက်ခြင်းအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းမှ လူဦးရေကိုသာ အခြေခံပြုစုမှသာ  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဖော်ဆောင်နိုင်ရေး အခြေခံအချက်ဖြစ်သဖြင့်ပြည်သူ့လွှတ်တော်က   အတည်ပြုသော နည်းဥပဒေ ၅ ၏ခြေဆင်းတွင် ''သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ'' ဟူသော စကားရပ်ကို ဖြည့်စွက်ခြင်းအား ထောက်ခံကြောင်း ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက ရွေးကောက်ပွဲ ကော်မရှင်၏ ပြင်ဆင်ချက် နည်းဥပဒေ ၅ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းပြုစုရာတွင် ဆိုသည့်နေရာ၌ ပြည်သူ့လွှတ်တော်၏ ပေးပို့ချက်ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည်   ''သက်ဆိုင်ရာ မဲဆန္ဒနယ်''ရှိ မဲစာရင်း ပြုစုရာနေရာ၌  ထည့်သွင်းထားမှုကို သဘောတူကြောင်း၊ နည်းဥပဒေ ၁ဝ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် ပြင်ပရောက်နေသည့် ကာလကို အနည်းဆုံး ရက်ပေါင်း ၁၈ဝ ထက်မနည်းဆိုသည့် စကားရပ်အစား အနည်းဆုံး ရက်ပေါင်း ၉ဝ ထက်မနည်းဆိုသည့်   စကားရပ်ကို အစားထိုး ပြင်ဆင်လိုခြင်းဖြစ်ကြောင်း၊ အဓိကက ရက်ပေါင်း ၁၈ဝ နေရာတွင် ရက်ပေါင်း ၉ဝ ကို အစားထိုး ပြင်ဆင်လိုခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ''အနည်းဆုံးရက်ပေါင်း ၁၈ဝ ထက်မနည်း'' ဆိုသည့် ပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိလိုကြောင်း၊ နည်းဥပဒေ ၃၉(က) (၂)တွင် ''ထိုတပ်ရင်း/တပ်ဖွဲ့၏ ပြင်ပသင့်လျော်သည့် နေရာတွင် သတ်မှတ်ပေးရမည်'' ဟုပြင်ဆင်ထားခြင်းကို ''လုံခြုံရေးအရ သင့်လျော်သည့်နေရာတွင် တပ်မှူးနှင့် ညှိနှိုင်း၍ သတ်မှတ်ပေးရမည်''ဟု ပြင်ဆင်လိုကြောင်း၊ အကျိုးအကြောင်း ဖော်ပြချက်အနေဖြင့် မဲရုံအရေအတွက်၊ မဲရုံနေရာ သတ်မှတ်သည့် အချိန်တွင်  မဲပေးသည့် လူဦးရေ၊ ပထဝီ အနေအထားအရ ဖြန့်ကြက်မှုကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊  ထို့ပြင် မဲပေးသည့် နိုင်ငံသားများအတွက် လူသားလုံခြုံရေး (Human Security) ၏ သဘောတရားဖြစ်သည့် အကြမ်းဖက်မှုတို့မှ ကင်းဝေးစေရေး အတွက်ပါ  ထည့်သွင်း စဉ်းစားသင့်ကြောင်း။

၂ဝ၁၅ ရွေးကောက်ပွဲကို လေ့လာကြည့်ပါက တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ မဲပေးသောမဲရုံတွင် တာဝန်ပေးထားသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူနှင့် မဲလက်မှတ် ထုတ်ပေးသူတို့သည်  တပ်မိသားစုဝင်များ မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ခန့်ထားသော နယ်ဘက်ဝန်ထမ်းများသာဖြစ်ကြောင်း၊ မဲရုံတွင်းမှာလည်း ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကိုလည်း နေရာ သတ်မှတ်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် သတင်း မီဒီယာများကိုလည်း ဝင်/ထွက်သွားလာ သတင်းရယူနိုင်အောင် ဆောင်ရွက်ပေးထားကာ    တပ်မဲရုံများသည် လွတ်လပ်ပြီး တရားမျှတစွာ မဲပေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊    ထိုသို့ ဆောင်ရွက်ခြင်းသည်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တစ်ဖက်တစ်လမ်းက ကူညီ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းနှင့်     မိမိ၏ပြင်ဆင်ချက်ကို   အတည်ပြုပေးနိုင်ရန်    တင်ပြဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က နည်းဥပဒေ ၅၁ (ခ)(၆)ကို ''နည်းဥပဒေခွဲငယ် (၁)၊ (၂)၊ (၃) နှင့် (၄)တို့ပါ   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ ပေးခြင်းကို   သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တို့သည် ကြိုတင်ဆန္ဒမဲပေးသူ၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မထိခိုက်စေဘဲ လုံခြုံရေးအရ   အန္တရာယ်ရှိသောနေရာများ၊  သွားလာရန် ကန့်သတ်ထားသည့် နေရာများမှအပ လိုက်ပါကြည့်ရှုနိုင်သည်''ဟုပြင်ဆင်လိုကြောင်း၊ ကျိုးကြောင်းဖော်ပြချက် အနေဖြင့် သက်ဆိုင်ရာ ခွင့်ပြုသတ်မှတ်ထားသော    ပုဂ္ဂိုလ်များသည် ကြိုတင်ဆန္ဒမဲ ပေးသူများ၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မထိခိုက်စေဘဲ မဲပေးခြင်းနှင့် မသက်ဆိုင်သည့်  လုံခြုံရေးအရ   အန္တရာယ်ရှိသော နေရာများ၊ သွားလာရန် ကန့်သတ်ထားသော   တပ်တွင်းအခြားနေရာများမှလွဲ၍ သွားလာနိုင်စေရန်    ပြင်ဆင်လိုခြင်းဖြစ်ကြောင်း။

မိမိအနေဖြင့် နည်းဥပဒေ ၅၆ (က)(၄) တွင် ''မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်းရှိ    တပ်ရင်း/တပ်ဖွဲ့များမှ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အမည်စာရင်း ရရှိရေးအတွက် သက်ဆိုင်ရာ တပ်မှူးထံမှ   စာဖြင့် တောင်းယူရမည်။

ထိုစာရင်းများရရှိသည့်အခါ  သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းစာရင်းများကို ပုံစံ(၁)နှင့် တိုက်ဆိုင်စိစစ်၍ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့်   တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ စာရင်းကို ပုံစံ(၁-၂)ဖြင့် သီးခြားရေးမှတ်ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၌ လျှို့ဝှက်သိမ်းဆည်းထားရှိရမည်''ဟု ပြင်ဆင်လိုကြောင်း။

နည်းဥပဒေ ၆ဝ (က) (၁) သည် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကော်မရှင်က သက်ဆိုင်ရာ တပ်မှူးနှင့် ညှိနှိုင်းသတ်မှတ်သော နေ့ရက်နှင့် အချိန်အတွင်းတွင် ဆိုသည့်စကားရပ်ကို   အစားထိုးပြင်ဆင်လိုကြောင်း၊ နည်းဥပဒေများကို ရေးဆွဲသည့် အချိန်တွင် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များသည်   လက်တွေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်    အခြေအနေ ရှိ၊မရှိကို   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် သေချာစွာစိစစ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏   မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့်   လက်တွေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် နည်းဥပဒေ ၆ဝ (က)(၁) တွင် ကော်မရှင်က  သက်ဆိုင်ရာ တပ်မှူးနှင့် ညှိနှိုင်းသတ်မှတ်သော နေ့ရက်နှင့်အချိန် အတွင်းတွင် ဆိုသည့်စကားရပ်ကို အစားထိုးပြင်ဆင်လိုခြင်းဖြစ်ကြောင်း  ဆွေးနွေးသည်။

ထို့နောက်  အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက    အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများမှ နည်းဥပဒေ ၅၁(ခ)(၆)၊   နည်းဥပဒေ ၅၆(က)(၄)နှင့် နည်းဥပဒေ ၆ဝ (က)(၁) တို့ကို မိမိအနေဖြင့်   ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတွင် ဆွေးနွေးသွားသည့်    ပြင်ဆင်ချက်အတိုင်းသာ ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက မူလနည်းဥပဒေ ၁ဝ တွင် မဲဆန္ဒနယ်မြေပြင်ပရောက် အခြားမဲဆန္ဒရှင်များ မိမိရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအား ဆန္ဒမဲပေးနိုင်ရေး မဲစာရင်း ထည့်သွင်းခြင်း   ပြုလုပ်နိုင်ရန် အတွက် မဲဆန္ဒနယ်မြေ ပြင်ပရောက်ကာလကို ''ရက်ပေါင်း ၁၈ဝ ထက်မနည်း'' ဟူသော စကားရပ်ကိုပြင်ဆင်သည့် နည်းဥပဒေတွင် ''ရက်ပေါင်း ၉ဝ ထက်မနည်း'' ဟူသော စကားရပ်ဖြင့် အစားထိုးထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ မိမိအနေဖြင့် မူလအတိုင်းသာ ထားရှိသင့်သည်ကို တင်ပြလိုကြောင်း၊ ထိုသို့ ရက်ပေါင်း ၁၈ဝ ထက်မနည်း(အစား) ရက်ပေါင်း ၉ဝ ထက်မနည်းဟု ပြင်ဆင်ခြင်းသည် (က) သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်း နေထိုင်ကြသော မဲဆန္ဒပြင်ပရောက် အခြား မဲဆန္ဒရှင်များဟု သတ်မှတ်ရာတွင် ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးနိုင်ခွင့် မရှိတော့သော နိုင်ငံတော်၏ ပကတိအခြေအနေတွင် မည်သည့် အထောက်အထားအပေါ် သက်သေထူကြမည်လဲ၊    မည်သူက တာဝန်ယူ၍ စိစစ်ခြင်း ဆောင်ရွက်နိုင်မည်လဲ၊    အထောက်အထားမဲ့ ဆုံးဖြတ်ခြင်း

သည် တရားမျှတမှု ရှိ၊ မရှိနှင့် ဒေသခံများနှင့် အခြားမဲဆန္ဒရှင်များ၊ ဒေသအာဏာပိုင်များ အကြား ပြဿနာဖြစ်နိုင်ခြင်း၊ (ခ) တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ ဒေသခံများ၏ အခွင့်အရေးများ ဆုံးရှုံးစေခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ခြင်း၊ (ဂ) ဥပဒေပြဋ္ဌာန်းချက်များသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အခက်အခဲဖြစ်စေနိုင်ခြင်း၊ (ဃ) နိုင်ငံတော်၏ ပကတိအခြေအနေနှင့် လိုက်လျောညီထွေမှု မရှိခြင်း၊   (င) တစ်ဆင့်ခံဥပဒေ သို့မဟုတ် နည်းဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လည်းကောင်း သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မညီညွတ်ပါက ပျက်ပြယ်ပြီး    အကောင်အထည် မပြုနိုင်ခြင်း စသော အချက်များနှင့်  ငြိစွန်းနေ၍ နိုင်ငံတော်၊ နိုင်ငံသားများ၏ အကျိုးစီးပွားနှင့် နိုင်ငံသား၏ အခွင့်အရေးများကို ထိခိုက်စေသည်ကို စိစစ်တွေ့ရှိရကြောင်း။

နိုင်ငံသားများက ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်စေရန် ယုံကြည်ကိုးစား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ပင် ၎င်း၏လုပ်ပိုင်ခွင့်ကို အပြည့်အဝ အပ်နှင်းထားကြောင်း၊ ထိုသို့ နိုင်ငံသားများက ယုံကြည်ကိုးစား၍ အပ်နှင်းထားသော ဥပဒေရေးရာ အခွင့်အာဏာကို အလွဲသုံးစား မပြုမိစေရန် ဆောင်ရွက်သင့်ကြောင်းနှင့်  မူလပြဋ္ဌာန်းချက်ပါအတိုင်း  ရက်ပေါင်း ၁၈ဝ ထက်မနည်းဟူသော စကားရပ်အား    မူလအတိုင်းပင် ထားရှိသင့်ကြောင်း   ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ အနက်မှ နည်းဥပဒေ ၅၊ ၁ဝ၊ ၃၉(က-၂)တို့ကိုလည်း မိမိတင်ပြခဲ့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ ပြင်ဆင်ချက်အတိုင်း ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ အနက်မှ  နည်းဥပဒေ ၅၁ (ခ)(၆)၊ နည်းဥပဒေ ၅၆ (က)(၄) နှင့် နည်းဥပဒေ ၆ဝ(က)(၁)တို့ကိုလည်း    မိမိအနေဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတွင်  ပြင်ဆင်ထားသည့် ပြင်ဆင်ချက်အတိုင်း ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။

တိုင်းဒေသကြီးလွှတ်တော်  သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းနိုင်ဝင်းက တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများမှ နည်းဥပဒေ ၅၁(ခ)(၆)၊ နည်းဥပဒေ ၅၆(က)(၄) နှင့် ၆ဝ(က)(၁) တို့ကိုလည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတွင်   ပြင်ဆင်ထားသည့် ပြင်ဆင်ချက်အတိုင်း ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက နည်းဥပဒေ ၃၉(က)(၂)တွင် ဖြည့်စွက်ပြင်ဆင်လိုသည်မှာ မဲရုံနေရာများကို ထိုတပ်ရင်းတပ်ဖွဲ့၏ ပြင်ပသင့်လျော်သည့် နေရာတွင် သတ်မှတ်ပေးရမည်ဟူသော   စကားရပ်အစား လုံခြုံရေးအရ  တပ်တွင်း/တပ်ပြင် သင့်လျော်သော နေရာကို တပ်မှူးနှင့်ညှိနှိုင်း သတ်မှတ်ပေးရမည်ဟူ၍ ဖြည့်စွက်ပြင်ဆင် လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏    တပ်မတော်သားများနှင့် အိမ်ထောင်စုဝင် မိသားစုများအတွက် မဲရုံနေရာ သတ်မှတ်ရာတွင် တပ်ရင်း/တပ်ဖွဲ့၏ ပြင်ပနေရာတွင် သတ်မှတ်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ တရားမျှတမှု အခွင့်အရေး ထိပါးစေကြောင်း၊ တပ်မတော်သားများနှင့်   ယင်းတို့၏ အတူနေ မိသားစုဝင်များ  ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို     ထိခိုက်စေနိုင်ကြောင်းနှင့် လူပုဂ္ဂိုလ်လုံခြုံရေး၊   ပစ္စည်းလုံခြုံရေးကို ထိခိုက်စေကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့်   နည်းဥပဒေများပါ ပြဋ္ဌာန်းချက်ဖြစ်သည့် နည်းဥပဒေ ၅၊ ၁ဝ၊ ၃၉ (က)(၂)ပါ ပြင်ဆင်ချက်များသည် ပြည်ထောင်စုရှေ့နေချုပ်  နည်းဥပဒေ ၂၉(ဃ)အရ နည်းဥပဒေများသည် လုပ်ပိုင်ခွင့်အပ်နှင်းထားသော   ဥပဒေပြဋ္ဌာန်းချက်များကို ကျော်လွန်ဆန့်ကျင်၍ မရဟူ၍လည်းကောင်း၊ နည်းဥပဒေ ၂၁ တွင် နည်းဥပဒေ ၁၆၊ ၁၇ နှင့် ၁၈ တို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း ရှိ၊မရှိ၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း ရှိ၊မရှိ၊ ဥပဒေပြဋ္ဌာန်းချက်များသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊မရှိ၊ နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ၊မရှိ၊ နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်နိုင်ခြင်း ရှိ၊ မရှိနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုတို့ဖြစ်စေ၊ ဝန်ကြီးဌာန တစ်ခုနှင့်တစ်ခုဖြစ်စေ၊ ယင်းအဖွဲ့အစည်းများ အကြားတွင်ဖြစ်စေ၊ လုပ်ပိုင်ခွင့်များ ရောထွေးစေသော ဖော်ပြချက်များ ပါဝင်ခြင်း ရှိ၊ မရှိ စသော အချက်များနှင့် ငြိစွန်းနေသည်ကို    စိစစ်တွေ့ရှိရကြောင်း။

တစ်ဆင့်ခံဥပဒေ သို့မဟုတ် နည်းဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊ မညီညွတ်ပါက ပျက်ပြယ်ပြီး အကောင်အထည်ဖော်ခြင်းမပြုနိုင် ကြောင်း ဆွေးနွေး တင်ပြသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ အနက်မှ နည်းဥပဒေ ၅ ၊ ၁ဝ ၊ ၃၉(က-၂)တို့ကိုလည်း မိမိတင်ပြခဲ့သည့်   ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ ပြင်ဆင်ချက်အတိုင်း ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများမှ နည်းဥပဒေ ၅၁ (ခ)(၆)၊ နည်းဥပဒေ ၅၆ (က)(၄) နှင့် နည်းဥပဒေ ၆ဝ(က)(၁)တို့ကိုလည်း မိမိအနေဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပြင်ဆင်ထားသည့် ပြင်ဆင်ချက်အတိုင်း ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။

အဆိုပါရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် ပတ်သက်သည့် ဆွေးနွေးချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်သည်။

အောင်လင်းဦး(မြဝတီ)

Read 55 times Last modified on Tuesday, 24 March 2020 12:49