SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရေနံဈေးနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိပြီး စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်း

Wednesday, 25 March 2020 09:24 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ရေနံဈေးနှုန်းသည်  ၁၈ နှစ်ကျော် ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာသောကြောင့်  ရန်ကုန်စက်သုံးဆီ ဈေးနှုန်းများ  ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း  ရန်ကုန်စက်သုံးဆီဈေးကွက် အတွင်းမှ သိရသည်။

မတ် ၂  ရက်က ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၁၆  ဒေါ်လာဝန်းကျင်ရှိရာမှ  မတ် ၂၃ ရက်တွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၆၈  ဒေါ်လာအထိ ကျဆင်းပြီး ရန်ကုန်စက်သုံးဆီဈေးနှုန်းမှာ လည်း သုံးပတ်တာကာလအတွင်း  တစ်လီတာလျှင်  ငွေကျပ်  ၂၆ဝ ဝန်းကျင်အထိ ကျဆင်းလျက်ရှိသည်။

ထို့ပြင်  လက်လီလက်ကားဈေးကွက်၌  ဈေးနှုန်းများဆက်လက် ကျဆင်းနိုင်မည်ဟု  ခန့်မှန်းထားကြပြီး  အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

''ကျွန်မတို့က လက်ကားဆိုင်ကြီးတွေကနေဝယ်ပြီး   ပြန်ရောင်းတာဆိုတော့ ဈေးကွက်အေးနေတယ်။   ဈေးတွေလည်း ကျနေတယ်ဆိုတော့ ပြန်ရောင်းဖို့ ဝယ်တာတောင် ထိန်းပြီးဝယ်နေရတယ်'' ဟု တစ်ပိုင် တစ်နိုင်စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်သီတာကျော်က ပြောသည်။

လတ်တလောတွင် ခရီးသွားရာသီရောက်ရှိလာပြီ ဖြစ်သော်လည်း   ခရီးသွားလာမှု နည်းပါးနေသောကြောင့် အရောင်းအဝယ် ဆက်လက်အေးနေသည့်အပြင် COVID-19 ရောဂါကြောင့် ရုပ်ရှင်ရုံများ အပါအဝင်  လူစုလူဝေးများသို့  သွားရောက်ခြင်းကို ဧပြီ  ၃ဝ  ရက်အထိ  ကန့်သတ်ထားသည့် အတွက်    သွားလာမှုများပါ  အထိုက်အလျောက် လျော့ကျနေခြင်းကြောင့်လည်း အရောင်းအဝယ် အေးနေကြောင်း    သိရသည်။    

ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း မတ် ၁ ရက်က ပရီမီယမ်ဒီဇယ် ၅ဝဝ စစာ  တစ်လီတာလျှင် ငွေကျပ်  ၈၁ဝ မှ မတ် ၂၃ ရက်တွင် ငွေကျပ် ၅၅ဝ၊  ပရီမီယမ်ဒီဇယ်  တစ်လီတာလျှင် ငွေကျပ်  ၈၂ဝ မှ ၅၆ဝ၊ အောက်တိန်း(၉၂)  တစ်လီတာလျှင် ငွေကျပ် ၇၄ဝ မှ ၄၅ဝ ၊ အောက်တိန်း  (၉၅)  တစ်လီတာလျှင်  ငွေကျပ် ၈၅၅ ကျပ်မှ  ၅၈ဝ၊ အောက်တိန်း  (၉၇) တစ်လီတာလျှင်  ငွေကျပ် ၁ဝ၄၅ ကျပ်မှ ၈၅ဝ အထိ ဈေးနှုန်း အသီးသီး ကျဆင်းလျက်ရှိသည်။

ထို့ပြင်  အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပေါက်ဈေး အနေဖြင့် မတ်  ၃ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၁၄၂၇ ဒသမ ၄ ကျပ်အထိရှိရာမှ  မတ် ၂၃ ရက်တွင်  ငွေကျပ် ၁၄၂၁ ဒသမ ၂ ကျပ်အထိ ရှိကြောင်း သိရသည်။         

နေနေ

Read 70 times Last modified on Wednesday, 25 March 2020 09:24