SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Thursday, 26 March 2020 09:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၅၊ အမျိုးသားလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်   ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင်    နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး ၏ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုး ကြီးလှသော သင်္ဘောကျင်း တစ်ခုလုံးကို  ပြုပြင်မွမ်းမံ

ထိန်းသိမ်းကာ ရေကြောင်း သမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေး အတွက် အကျိုးရှိမည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်  ရှိ၊မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးသာဦးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  ရှေးဟောင်း သုတေသနနှင့်   အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့်  ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ နှစ်တစ်ရာနှင့် အထက်သက်တမ်းရှိပြီး မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အဆောက်အအုံများကို  ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်၍ ကာကွယ် ထိန်းသိမ်းလျက်ရှိကြောင်း၊ ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ(၄)၊   ပုဒ်မခွဲ(က မှ ဇ)အထိ ရှေးဟောင်းအဆောက်အအုံအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုသော အဆောက်အအုံ အမျိုးအစား စာရင်း၌ သင်္ဘောကျင်းများ မပါဝင်ကြောင်း၊ ထို့ပြင် ရှေးဟောင်း အဆောက်အအုံသည် ယဉ်ကျေးမှု လက်ရာရှိရန် လိုအပ်ပြီး   ဒလ သင်္ဘောကျင်း ကဲ့သို့သော ကိုလိုနီခေတ်နှင့် ခေတ်ပြိုင် စက်မှုလုပ်ငန်း၏ တိုးတက်မှုမျိုးနှင့် စပ်လျဉ်း၍   မိမိတို့နိုင်ငံ၌  အလေ့အကျင့်နှင့် ကျွမ်းကျင်မှုများလည်း လိုအပ်နေကြောင်း၊  ထို့ကြောင့် သင်္ဘောကျင်းကို  ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်နိုင်ခြင်း မရှိသောကြောင့် ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့်   သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်း တစ်ခုလုံးကို   ပြုပြင်မွမ်းမံထိန်းသိမ်း၍  ရေကြောင်း သမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့်  စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် မရှိခြင်းကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက  ဖြေကြားလာကြောင်း။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် ဌာနပိုင် သင်္ဘောကျင်း(၆)ခုရှိသည့်အနက် ဒလသင်္ဘောကျင်းသည်  မန္တလေးရတနာပုံ သင်္ဘောကျင်းပြီးလျှင်   ဒုတိယ ရှေးအကျဆုံး  သင်္ဘောကျင်း တစ်ခုဖြစ်ပြီး ၁၈၉၂ ခုနှစ် မတိုင်မီ တည်ဆောက်ခဲ့သော သင်္ဘောကျင်းတစ်ခုဖြစ်ကြောင်း၊    ဒလသင်္ဘောကျင်းတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ရေယာဉ်များ ပြုပြင်ခြင်း၊  တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏  အဓိက သင်္ဘောကျင်းတစ်ခု ဖြစ်ကြောင်း၊  ရှေးကျသော သင်္ဘောကျင်း တစ်ခုဖြစ်သော်လည်း   အဆောက်အအုံ အများစုကို  စက်ရုံတစ်ခု၏ လိုအပ်ချက် အရ   ပြန်လည်ပြုပြင် အစားထိုး တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း။

ထို့ကြောင့် ဒလသင်္ဘောကျင်းကို သင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်  စီစဉ်လျက်ရှိပြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီးပါက ရေယာဉ်သစ် တည်ဆောက်ခြင်းနှင့် ရေယာဉ်ပြင် လုပ်ငန်းအပြင်  ဂျပန်နိုင်ငံ FUJI KAIJI သင်္ဘောကျင်းနှင့်  အကျိုးတူ ပူးပေါင်း၍ ရေယာဉ်သစ်  တည်ဆောက်ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန် ရည်ရွယ်၍ အကြိုလေ့လာ ဆန်းစစ်မှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ အကြိုလေ့လာ ဆန်းစစ်ချက် ရလဒ်များအပေါ် မူတည်၍ ဌာနနှင့်နိုင်ငံတော် အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ(၄)၊ ပုဒ်မခွဲ(က မှ ဇ)အထိ ရှေးဟောင်း အဆောက်အအုံအဖြစ်   အဓိပ္ပာယ်ဖွင့်ဆိုသော  အဆောက်အအုံ အမျိုးအစား စာရင်း၌ သင်္ဘောကျင်းများ မပါဝင်သေးပါသောကြောင့် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်း တန်ဖိုးကြီးလှသော  သင်္ဘောကျင်း တစ်ခုလုံးကို  ပြုပြင်မွမ်းမံ ထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန်  အစီအစဉ် မရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက်   မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၇) မဲဆန္ဒနယ်မှ ဦးကျော်တုတ်၏  ကိုယ်ပိုင်ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ စနစ်တကျ၊ စည်းကမ်းတကျရှိကြောင်း သက်ဆိုင်ရာ အဆင့်ဆင့်မှ မည်သို့ကြီးကြပ်တင်ပြကာ  မည်သို့ သဘောထား မှတ်ချက် အကြောင်းကြားထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍   ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေအား ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် လည်းကောင်း၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် နည်းဥပဒေအား ၂ဝ၁၂ ခုနှစ်၊ ဧပြီလတွင် လည်းကောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊  လက်ရှိတွင် ဥပဒေနှင့်အညီ မှတ်ပုံတင်၍   တရားဝင် ဖွင့်လှစ်ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းပေါင်း ၁ဝ၈၉ ကျောင်းရှိကြောင်း၊ (ထက်၊ လယ်၊ မူ)ကျောင်းသား၊  ကျောင်းသူစုစုပေါင်း ၂၆၁၉၂၂ ဦးရှိပြီး  သင်ကြားပေးနေသော ဆရာ၊ ဆရာမဦးရေမှာ  ၁၄၅၃ဝ  ဦးရှိကြောင်း။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှစ၍ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်အထိ    သုံးနှစ်တာ စိစစ်ဆောင်ရွက်မှုအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြလာမှုအရ နည်းဥပဒေနှင့် အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိသော ကိုယ်ပိုင်ကျောင်းပေါင်း ၁၄ကျောင်းအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေး တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များဖြင့် ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ခဲ့ကြောင်း။

ပညာရေးဝန်ကြီးဌာန၊  အခြေခံပညာ ဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများအား ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ၊ အခန်း(၂)ပါ ပုဒ်မ(၃၊၄၊၅၊၆)နှင့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေ၊ အခန်း(၈)ပါပုဒ်မ (၂၁၊၂၂)တို့နှင့်အညီ တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်   ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားရေး လုပ်ငန်းများအပါအဝင် ဥပဒေ၊ နည်းဥပဒေများအား လိုက်နာဆောင်ရွက်မှု အခြေအနေများကို   တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများမှ   စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

Read 16 times Last modified on Thursday, 26 March 2020 09:42