SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Thursday, 26 March 2020 10:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၅၊ ပြည်သူ့လွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ချီဖွေမြို့နယ် နယ်စပ်ကန်းဖန့် ကျေးရွာအုပ်စု မှီရှီးဒီးငေါ့ချန်း ချောင်းကူးတံတား ပေ ၁၆ဝ ခန့်ကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် သံပေါင်ဘေလီတံတားအဖြစ် တိုးမြှင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က အဆိုပါ သစ်သားတံတားသည် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ  သစ်သားများ ဆွေးမြည့်လာခြင်း၊ ချောင်းရေတိုက်စားပြီး တိုင်အောက်ခြေများ   ပျက်စီးနေခြင်းတို့ကြောင့် လာမည့် မိုးတွင်းကာလတွင် ပိုမိုဆိုးရွားစွာ ပျက်စီးနိုင်သဖြင့်  ၎င်းသစ်သားတံတားအား  နှစ်လွှာတစ်ထပ် သံပေါင်ဘေလီ တံတားအဖြစ် အသစ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိကြောင်း။

 သို့ဖြစ်ပါ၍  သံပေါင်ဘေလီတံတားအဖြစ်   တိုးမြှင့်တည်ဆောက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြို့နယ်/ခရိုင် ဖွံ့ဖြိုးမှုကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ  တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ဆောင်ရွက်ရမည့်  တံတားပေအရှည် မှန်ကန်မှု ရှိ၊ မရှိ၊ မြေပြင်အခြေအနေတွင် ဆောက်လုပ်ရေးသုံး ပစ္စည်းများ  သယ်ယူရွှေ့ပြောင်းနိုင်ခြင်း ရှိ၊ မရှိ၊ လုပ်သားရရှိနိုင်မှု၊  ရာသီဥတု ကန့်သတ်ချက် အခြေအနေ၊ ဒေသအတွက် အကျိုးပြုမှုတို့အပေါ်   သုံးသပ်စိစစ်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက် တင်ပြပြီး  သတ်မှတ်စီမံကိန်း အဆိုပြုလွှာ ပုံစံတို့ဖြင့် တင်ပြလာပါက ၂ဝ၂ဝ -၂ဝ၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေလျာထားချက်တွင်  ထည့်သွင်း လျာထားပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်တွင် ပြည်သူများ အားကိုးအားထားပြုသွားလာနေသည့် လော်ဝူးချီလာ အဝင်တံတားနှင့်   အထွက်တံတားအား ၂ဝ၁၉-၂ဝ၂ဝ တွင် ဘေလီသံပေါင် သို့မဟုတ် ကွန်ကရစ်တံတား အဖြစ် တည်ဆောက်ပေး

ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က  ခေါင်လန်ဖူးမြို့နယ် လော်ဝူးချီလာ အဝင်တံတားနှင့် အထွက်ံတားအား ဘေလီသံပေါင် သို့မဟုတ် ကွန်ကရစ်တံတားအဖြစ်   တည်ဆောက်ပေးရန်နှင့် ပတ်သက်ပြီး    သက်ဆိုင်ရာဒေသ တာဝန်ရှိသူများက    လတ်တလော ဆောင်ရွက်ပေးရန် လိုအပ်မှုရှိ၊ မရှိ၊ ဒေသအတွက်   အကျိုးပြုနိုင်မှုအလားအလာ စသည်တို့ကို ကွင်းဆင်း စိစစ်ပြီး   ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ အသေးစိတ် ကျိုးကြောင်းဖော်ပြ၍ အဆိုပြု တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေသ၏ တင်ပြချက်အပေါ် လိုအပ်သလို စိစစ်၍  သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် ပြည့်စုံစွာ တင်ပြလာပါက ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့်   အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအဆိုပြု ထည့်သွင်း လျာထားပေး မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍    ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ  စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးကြသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက  ဆွေးနွေးရာ၌ စာပိုဒ် ၇ တွင် ကော်မတီသည် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် တပ်မတော်စက်ရုံ သုံးခုကို သွားရောက်လေ့လာခဲ့ကြောင်း ဖော်ပြထားပြီး လေ့လာတွေ့ရှိချက်နှင့် အကြံပြုချက်များ ပါရှိသည့် အစီရင်ခံစာကို ဥက္ကဋ္ဌထံ တင်ပြထားကြောင်း ဖော်ပြထားကြောင်း၊ အပြုသဘောဆောင်သော တွေ့ရှိချက်များကိုလည်း ကော်မတီအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသင့်ကြောင်း၊ သို့မှသာ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သွင်းကုန် လိုအပ်ချက်နှင့် အလုပ်အကိုင် ရရှိရေးတို့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်ကို သိရှိနိုင်မည် ဖြစ်ကြောင်း၊ ထိုစက်ရုံများကြောင့် နိုင်ငံခြား ငွေယိုပေါက် သက်သာမှုရှိကာ   ပြည်ပကို အားကိုးရသည့် အခြေအနေမှ  ကင်းဝေးကြောင်း သိရှိစေခြင်းအားဖြင့်  တပ်မတော်အပေါ် အထင်အမြင် လွဲမှားပြီး အဆိုးမြင် ဝါဒရှိသူများ အနေဖြင့် တပ်မတော်က နိုင်ငံတော်နှင့် ပြည်သူများအပေါ် အမှန်တကယ် ကောင်းကျိုး ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်နိုင်မည်ဖြစ်ကြောင်း။

 စာပိုဒ် ၉ တွင် လွှတ်တော် ကိုယ်စားလှယ်၏ တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ရွှေအိုးအရက်ချက်စက်ရုံ   လုပ်ငန်းလည်ပတ်ပုံ အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြား စက်ရုံများလည်း ရွှေအိုးအရက်ချက်စက်ရုံ ကဲ့သို့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်နိုင်သည့် နည်းပညာသုံး စက်ရုံများဖြစ်လာအောင် ဆောင်ရွက်သင့်ကြောင်းနှင့် အကြံပြုချက်များ ပေးထားသည်ကို ဖော်ပြထားကြောင်း၊ တိုင်ကြားခံရသော စက်ရုံများကို ဖော်ပြထားခြင်း မရှိသည့်အတွက် ဖော်ပြပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်အောင် ဆောင်ရွက်နေသော စက်ရုံမည်မျှရှိနေကြောင်း မေးခွန်း ထုတ်စရာဖြစ်စေကြောင်း။

 ၂၉ - ၁၁ - ၂ဝ၁၆ ရက်တွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့သော ဦးအောင်ကျော်ကျော်ဦး (လှိုင်မဲဆန္ဒနယ်)၏ လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ရန် ဆုံးဖြတ် ခဲ့သောအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်နှင့် ၂ဝ၁၆ ခုနှစ် မေ၂၇ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြုလုပ်သည့် ညှိနှိုင်း အစည်းအဝေးတွင် စံချိန်စံညွှန်း မမီသော အရက်ချက်စက်ရုံများကို သက်ဆိုင်ရာဌာနမှ စစ်ဆေးစေ၍ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် မကိုက်ညီပါက ပိတ်သိမ်းနိုင်ရေး ဆုံးဖြတ်ချက် ချမှတ်ထားရှိခဲ့သည်ကို ပြောကြားခဲ့ကြောင်း။

၂ဝ၁၆ ခုနှစ်က ညွှန်ကြားချက်၊ ဆုံးဖြတ်ချက်များကို စက်ရုံများအနေဖြင့် လေးနှစ်တာ ကာလတိုင် ပြုပြင်နိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့်လည်း ဖြေကြားချက်နှင့်အညီ ကြပ်မတ်မှု မရှိကြောင်း ပေါ်လွင်နေကြောင်း၊ ထို့ပြင် ၁၅ - ၃ - ၂ဝ၁၉ တွင်ပြဋ္ဌာန်းလိုက်သော ''လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ'' ကို လိုက်နာရန် လိုအပ်လာမည်ဖြစ်ရာ ကော်မတီ အနေဖြင့် စစ်ဆေးပြီး အကြံပြုချက်များ ပေးသင့်သကဲ့သို့ စစ်ဆေးပြီး လိုက်နာမှုမရှိသော စက်ရုံများနှင့် ဟန်ပြစစ်ဆေးပြီး ခွင့်ပြုချက်ပေးနေသော အကျင့်ပျက်ဝန်ထမ်းများကို ထိရောက်စွာ အရေးယူနိုင်ရေး အကြံပြုသင့်ကြောင်း။

စာပိုဒ် ၁၅ တွင် အကြောင်းအရာ ၁၅ ၌ အကြောင်းအမျိုးမျိုးကြောင့် ကတိအတိုင်း ဆောင်ရွက်မှုမရှိသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး  ကိုယ်စားလှယ်များ၏ အပေါ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများကို ကော်မတီသို့ ဖိတ်ကြားကာ ပေါင်းစပ်ညှိနှိုင်းပေးခြင်းအား ၄၉ ကြိမ်ဆောင်ရွက်ခဲ့ခြင်း တွေ့ရသည့် အတွက် အသိအမှတ်ပြုရမည် ဖြစ်ကြောင်း၊ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှ ယနေ့အချိန်အထိ မေးခွန်းများ အများဆုံး မေးမြန်းခံရပြီး ကတိကဝတ်မဖြစ်သော ဝန်ကြီးဌာနများ ဥပမာ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)တို့ဖြစ်ကြောင်း၊ ထိုဝန်ကြီးဌာနများက ပြီးပြီးရောဆိုပြီး ကတိပေးတာလား၊ ဘတ်ဂျက်များ  တောင်းပြီး အလုပ်မလုပ်ဘဲနေတာလား၊ မေးခွန်းများလို့ ကုန်သွားတာမျိုးလား ဆိုသည့် သုံးသပ်ချက်များ ထည့်သွင်းရန် အကြံပြုလိုကြောင်း၊  အကြိမ်ရေများစွာ ကတိပျက်ခဲ့သော ဝန်ကြီးဌာနများ၏  စွမ်းဆောင်ရည်အပေါ် သုံးသပ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ ထိန်းသိမ်းကြပ်မတ် ပေးနိုင်ရေး တင်ပြရန် အကြံပြုလိုကြောင်း၊  သို့မှသာ လွှတ်တော်၏ လုပ်ငန်းများဖြစ်သော အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များ  ပိုမိုပီပြင်လာမှာဖြစ်ကြောင်း။

စာပိုဒ် ၁၈ တွင် ဝန်ကြီးဌာနအချို့က ကတိဖြစ်ခဲ့သော အဆိုနှင့် မေးခွန်းများကို ကတိအဖြစ်မှပယ်ဖျက်ပေးရန် တောင်းဆိုမှုများ ရှိကြောင်း၊ အချို့သော အဆိုများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါသဖြင့်  ကတိမှ ပယ်ဖျက်ပေးရန် မဖြစ်နိုင်ကြောင်း ဖော်ပြထားပြီး အချို့သော လုပ်ငန်းကိစ္စများ ဆောင်ရွက်ပြီးပါက ကတိအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်မည်ဟု ဖော်ပြထားကြောင်း၊  အချို့သော အဆိုများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သလို ဘဏ္ဍာငွေ လိုအပ်ချက် ၊ လူသားအရင်းအမြစ် လိုအပ်ချက်၊ နည်းပညာ လိုအပ်ချက်များ၊ စက်ပစ္စည်း လိုအပ်ချက် ၊ ဥပဒေပိုင်းဆိုင်ရာ ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ ထိုသို့ လိုအပ်ချက်များကြောင့် ဝန်ကြီးဌာန အနေဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန် ခက်ခဲမှုမျိုးများ ရှိနေနိုင်သဖြင့် ကော်မတီ အနေနှင့် အပြန်

အလှန်သုံးသပ်သင့်သလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိနိုင်ခဲ့ပါက အစိုးရ၏ ငါးနှစ်တာ ဆောင်ရွက်ချက်ကို ထိခိုက်စေနိုင်ကြောင်း၊ ကတိများ ပယ်ဖျက်ခြင်းမ ပြုခဲ့ပါက နောင်လာမည့် အစိုးရအတွက်  ဝန်ထုပ်ဝန်ပိုးများ ချန်ထားခဲ့သလို ဖြစ်စေနိုင်ကြောင်း၊  သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အပြန်ပြန်အလှန်လှန် ညှိနှိုင်းဆွေးနွေးကာ လိုအပ်ပါက လွှတ်တော်သို့ ချပြဆွေးနွေးစေပြီး ကတိအဖြစ်မှ အမှန်တကယ် ပယ်ဖျက်ပေးရန် လိုအပ်မှုရှိပါက ဆောင်ရွက်ပေးသင့်ကြောင်း၊  အတည်ပြုပြီး အဆိုများ အနက်မှ အကြောင်းအရာဆင်တူနေသော ဆက်စပ်မှုရှိသည့် အဆိုများအပေါ်မှာ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်၊  အဆိုတစ်ခုချင်းစီအတွက် အကောင်အထည်ဖော် နိုင်မှုနှင့် နှိုင်းယှဉ်ချက်၊ ကွင်းဆက်မိအောင် ဆောင်ရွက်နိုင်မှုတို့အပေါ် လိုအပ်ချက်များရှိပါက  ကော်မတီအနေဖြင့် အကြံပြု ထောက်ပြသင့်ကြောင်း။

ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ဒေသနှင့် ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်ချက်များကို တင်ပြဆောင်ရွက်ပေးမည် ဆိုပြီး ဒေသခံများအား ကတိကဝတ် ပြုကြရကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ဆောင်ရွက်ပေးနိုင်/ မနိုင် ကတိကဝတ် ပြုကြရခြင်းဖြစ်ကြောင်း၊ ထို့အတူ ကော်မတီမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ကတိကဝတ်ပြု တာဝန်ခံထားသည့် လုပ်ငန်းကိစ္စများကို ညှိနှိုင်းစိစစ် ဆောင်ရွက်ပါမည်ဟု  လွှတ်တော်ကို ကတိကဝတ်ပြု တာဝန်ခံကြရခြင်းဖြစ်ကြောင်း၊ ကတိသစ္စာ  တည်သောအခါဝယ်  နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ဆိုသည့်  စကားအတိုင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ကတိကဝတ်ပြုခဲ့သော လုပ်ငန်းကိစ္စရပ်များကို ကတိတည်ကြည်စွာ  ဆောင်ရွက်ပေးရန် လိုအပ်သလို ရလဒ်ကောင်းများ ထွက်ပေါ်အောင် ကိုယ်စားလှယ်များ ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ၎င်းတို့အကြား အတတ်နိုင်ဆုံး ထိန်းညှိဆောင်ရွက်ပေးမှသာ  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း  အကြံပြုတင်ပြဆွေးနွေးသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းများ ဆောင်ရွက်သည်။

ယင်းနောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

ဇော်မျိုး(မြဝတီ)

Read 23 times Last modified on Thursday, 26 March 2020 10:05