SJ WorldNews - шаблон joomla Авто

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ တရုတ်နိုင်ငံက ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သန်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

Saturday, 28 March 2020 12:32 font size decrease font size decrease font size increase font size increase font size

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံမှ အကောင်အထည် ဖော်ဆောင်မည့်     စီမံကိန်းများ အတွက် လိုအပ်သည့် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သန်းကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂ဝ၂ဝ) ဖြင့် မြန်မာနိုင်ငံ ရှိ ဝန်ကြီးဌာန ၁ဝ ခုမှ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော စီမံကိန်း ၂၂ ခု အတွက် ရန်ပုံငွေလွှဲပြောင်း လက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံဆိုင်ရာ    တရုတ်နိုင်ငံ သံအမတ်ကြီးတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါရန်ပုံငွေကို မြန်မာနိုင်ငံမှ စီမံကိန်း ၂၂ ခုဖြစ်သည့်  စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သတင်းအချက်အလက် နည်းပညာ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့်   ရင်းနှီးမြှုပ်နှံမှု စသည့် နယ်ပယ်တို့တွင် အသုံးပြုမည်ဖြစ်သည်။

''မဲခေါင်နိုင်ငံတွေကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လျှော့ချဖို့၊ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူ ပြုပေးဖို့  ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား  ပူးပေါင်းဆောင်ရွက်ရေး ဖော်ဆောင်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်''ဟု  နိုင်ငံခြားရေး ဝန်ကြီးဌာန    အမြဲတမ်း အတွင်းဝန်  ဦးစိုးဟန် ကပြောသည်။ 

တရုတ်နိုင်ငံနှင့် မဲခေါင်ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏   နိုင်ငံရေး၊ လုံခြုံရေး၊  စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး   တရုတ်နိုင်ငံက အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ခန့် စိုက်ထူတည်ထောင်ပေးခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည်  မဲခေါင်-လန်ချန်း အထူးရန်ပုံငွေကို ၂ဝ၁၇ ခုနှစ်က စီမံကိန်း ၁ဝ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း၊ ၂ဝ၁၈ ခုနှစ်က စီမံကိန်း ၁၉ ခုအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ၂ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

Read 44 times Last modified on Saturday, 28 March 2020 12:33