SJ WorldNews - шаблон joomla Авто

မန္တလေးမြို့၌ ပုဂံခေတ်ရှင်အရဟံသမုတ်ခဲ့သောသန်းခေါင်းယံသိမ်လေ့လာဖူးမြော်နိုင်

Sunday, 29 March 2020 10:58 font size decrease font size decrease font size increase font size increase font size

မန္တလေးမြို့အနီးတစ်ဝိုက်တွင်  ပုဂံခေတ် ရှင်အရဟံသမုတ်ခဲ့သော   သိမ်များရှိရာ ကျောက်ဆည် ရွှေသိမ်တော်နှင့်  မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်   တံခွန်တိုင်ရပ်ကွက်ရှိ သန်းခေါင်းယံသိမ်လည်း ပါဝင်သည်။ သန်းခေါင်းယံ သိမ်မှာ ထူးခြားပြီး အဝင်လမ်းကလေးများကိုပင် လှပသောအုတ်တံတိုင်းဖြင့် ပြုလုပ်ထားသည်။မူရင်း အဆောက်အအုံမှာ ပုဂံခေတ်က ရှင်အရဟံ သမုတ်ခဲ့သောသိမ်ဖြစ်ပြီး  လက်ရှိကာလတွင် ကုလားကျောင်းခံ   ပုထိုးအတွင်းတွင်သာရှိပြီး အမရပူရခေတ် လက်ရာများအဖြစ် တွေ့မြင်နိုင် သည်။

မန္တလေးတစ်ဝိုက်  ရှင်အရဟံသမုတ်ခဲ့သော သိမ်များတွင် အထူးခြားဆုံးနှင့်အကြီးဆုံး၊ အခန့် ဆုံးသိမ်အဖြစ် ထင်ရှားသည်။  သိမ်အနီးတွင် သာရမဉ္ဇူသိမ်တော် ကျောက်စာ    ထားရှိရာ ကျောက်စာဂူကို လည်းလေ့လာနိုင်သည်။ ပျက်စီး ယိုယွင်းမှုနည်းပါးသော  ခိုင်ခံ့သည့် အဆောက်အအုံ အဖြစ် ဖူးတွေ့ရပြီး လိုဏ်မုခ်လေးဖက်ခံပါ ပြီးလှပသော လက်ရာများဖြင့် ပြုလုပ်ထားသည်။

ပုဂံခေတ် ရှင်အရဟံ သမုတ်ခဲ့သောသိမ်ဖြစ်ကာ အမရပူရခေတ်တွင် သာယာဝတီမင်း၏မြောက် နန်းမိဖုရား သီရိ မဟာရတနာ မင်္ဂလာဒေဝီကသိမ် တည်ထားသမုတ်လှူခဲ့သည်။ အမရပူရမြို့တော် အဂ္ဂိအရပ်ပြည်တိုက်အတွင်း  သန့်ရှင်းညီညွတ် သောနေရာတွင် သက္ကရာဇ် ၁၂၁၇ နတ်တော် လပြည့်ကျော် ၅ ရက် နေ့လယ်  တစ်ချက်တီး ကျော်ချိန်တွင် အုတ်မြစ်ချဆောက်လုပ်ခဲ့သည်။အုတ်မြစ်ချရာတွင် အချင်းစတုရန်းအတောင် ၈ဝ အုတ်မြစ်ချကာ သိမ်ရပ်မြေမှငှက်မြတ်နားထီး အထွတ်ထိုအုတ်ချပ် ၅၃ ချပ်ဆင့်ကာ ဘုံခုနစ်ဆင့်  ဖြင့် ဝေဇယန်ကဲ့သို့သိမ်ပြာသာဒ်တော်ကို တည် ဆောက်ခဲ့သည်။ မြတောင်မြို့စား သေနတ်ဝန်ကြီး   သတိုးမင်းကြီး မဟာမင်းလှကျော်သူ  ကြီးကြပ် တည်ဆောက်ကာ  လက်ရာမြောက်သိမ်တော် ပင်ဖြစ်သည်။

၁၂၁၈ ခုနှစ်  ဝါဆိုလဆန်း ၇ ရက်တွင် သမုတိသံဃာတော်များ    ပြည်ကျောင်းတိုက်ရှိ သံဃာတော် ၁၄၃ ပါးတို့အား  လှူဖွယ်ဝတ္ထု များနှင့်အတူ ပြည်သူများကိုအလှူကြီးပေးကာ ရေစက်သွန်းချလှူဒါန်းခဲ့သည်။   သိမ်အရှေ့ မြောက်ဘက်တွင်လည်း ကျောက်စာရုံပြုလုပ်ကာ ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့သည်။ လက်ရှိ ကာလတွင်  ထူးခြားသောသိမ်တော်၊ ကြီးမား သောသိမ်တော် လက်ရာမြောက်သောရှင်အရဟံ သမုတ်ခဲ့သည့်သိမ်အဖြစ် လေ့လာဖူးမြော်နိုင် ကြောင်း သိရသည်။     

နွေနဒီ၊ မြစ်ငယ်

Read 72 times