SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါတွေ့ရှိပြီးနောက် YBS ယာဉ်လိုင်းများတွင် ခရီးသည်စီးနင်းမှုလျော့ကျ

Sunday, 29 March 2020 10:59 font size decrease font size decrease font size increase font size increase font size

COVID-19  ရောဂါအတည်ပြုလူနာ တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ပြီး နောက်ပိုင်း ရန်ကုန်မြို့၌  ပြေးဆွဲနေသော YBS  ယာဉ်လိုင်းများတွင် ခရီးသည် စီးနင်းမှုလျော့ ကျသွားကြောင်း အဆိုပါယာဉ်လိုင်းပိုင်ရှင် များထံမှ သိရသည်။

ဘတ်စကားများပေါ်၌  လူအများစု ဖြင့် စီးနင်းရသောကြောင့် ရောဂါအများဆုံး ပျံ့နှံ့နိုင်သည့်အတွက် ပြည်သူများ စိုးရိမ်မှု များရှိကာ YBS ယာဉ်လိုင်းများ၌ ခရီးသည် စီးနင်းမှု ယခင်ထက် ၃ဝ ရာခိုင်နှုန်းမှ ၅ဝ  ရာခိုင်နှုန်းအထိ   သိသိသာသာကျဆင်း လာခြင်းဖြစ်သည်။

'' COVID-19  ရောဂါကြောင့် ရုံးတွေ၊  စက်ရုံတွေတချို့ကလည်း     ပိတ်ထားရ တယ်။ ဘတ်စကားက လူစုလူဝေးများတဲ့ အတွက် စိုးရိမ်ပြီးမစီးကြတော့ ခရီးသည်  ၃ဝ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ  လျော့ကျသွားပါတယ်။  အရင်ကဆိုရင်  တစ်ရက်ကို အစီးရေ  ၅ဝ မှာ ခရီးသည် နှစ်သောင်းကျော်အထိစီးတယ်။ အခု ထက် ဝက်လျော့နည်းသွားတယ်။ ကားအစီးရေ တော့လျှော့ချဖို့မရှိပါဘူး။ ခရီးသည် အရမ်း ကျပ်တဲ့အချိန်တွေမှာ  ခရီးသည်စီးနင်းမှု အရေအတွက်ကိုတော့ ကန့်သတ်ဖို့ရှိတယ်'' ဟု   Power   Eleven ကုမ္ပဏီလီမိတက်  မန်နေးဂျင်းဒါရိုက်တာ ဦးတရုတ်လေးက ပြောသည်။

တချို့ယာဉ်လိုင်းများ၌ ခရီးသည် စီးနင်း မှုလျော့ကျသွားသောကြောင့် ယာဉ်အစီး ရေလျှော့၍ ပြေးဆွဲသင့်၊ မသင့်အခြေအနေ ကိုလည်း စောင့်ကြည့်လျက်ရှိသည်။

''လက်ရှိကတော့ ပုံမှန်ထက် ၃ဝ ရာခိုင် နှုန်းကနေ ၅ဝ ရာခိုင်နှုန်းလောက်လျော့ကျ တာပေါ့။ လေဆိပ်လိုင်းနဲ့ မြို့တွင်း YBS  ၅၆ ယာဉ်လိုင်းကတော့ နည်းသွားတယ်။  ခရီးသည်စီးနင်းမှုလျော့ကျသွားရင် ယာဉ် လိုင်းလျှော့ပြီး ပြေးဆွဲသင့်၊ မသင့် အခြေအနေကိုလည်း စောင့်ကြည့်နေပါတယ်။ နေ့လယ်ပိုင်းကျတော့ ကားကို နည်းနည်း အချိန်ခြားပြီးထွက်ပေးတယ်။ ရုံးတက်၊  ရုံးဆင်းချိန်ကျတော့ ကားကို နည်းနည်း စိပ်စိပ်ထွက်ပေးတယ်'' ဟု Omni Focus ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းကပြောသည်။

လက်ရှိတွင်  YBS  ယာဉ်လိုင်းများ၌  COVID-19 ရောဂါနှင့်ပတ်သက်သည့်  ကြိုတင်ကာကွယ်ရေး   အသိပညာပေး လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                    

ကျော်ကို

Read 100 times