SJ WorldNews - шаблон joomla Авто

နေပြည်တော် အဝေးပြေး ယာဉ်လိုင်းအချို့ ခရီးသည်ထက်ဝက်ခန့်ထိ လျှော့ချ ပြေးဆွဲမည်ဖြစ်သော်လည်း ကားလက်မှတ်ခကို ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချမည်

Thursday, 02 April 2020 10:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အဝေးပြေး ယာဉ်လိုင်း အချို့အနေဖြင့် လက်ရှိ COVID-19 ရောဂါအခြေအနေများ ထိန်းချုပ်နိုင်ရေး အတွက် ခရီးသွား အရေအတွက်ကို ထက်ဝက်ထိ လျှော့ချကာ ပြေးဆွဲပေးမည်ဖြစ်ပြီး ကားလက်မှတ်ခ ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း နေပြည်တော် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီဝင် ဦးနေအောင်ထံမှ သိရသည်။

လက်ရှိတွင်  နေပြည်တော် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အနေဖြင့် ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိခြင်းကြောင့် ပုံမှန်အနေအထားအတိုင်း ပြေးဆွဲပေးလျက်ရှိပြီး  ယာဉ်လိုင်းအချို့အနေဖြင့် ခရီးသည် အရေအတွက်ကို လျှော့ချကာ ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊   ယာဉ်လိုင်းယာယီပိတ်ခြင်းများ ပြုလုပ်ခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် နေပြည်တော်မှ ပြန်ကြမည့် ကားစီးခရီးသည် ဦးရေမှာလည်း ယခင်နှစ်ထက် ခရီးသည်အရေအတွက် ထက်ဝက်ခန့်ထိ ကျဆင်းလျက် ရှိကြောင်း သိရသည်။

''လူလျှော့ပြီး ငွေတိုးကောက်ခံတာတော့ မရှိပါဘူး။     ခရီးသည် အရေအတွက်ကို ပုံမှန်ထက်  ထက်ဝက်လောက်ထိ လျှော့ချပြီး ဈေးနှုန်းကိုတော့ ပုံမှန်ပဲကောက်ခံကာ ပြေးဆွဲပေးဖို့တော့    လုပ်နေကြပါပြီ။

ဒီနှစ်က အိမ်မှာပဲနေပြီး လမ်းညွှန်ချက်ကို လိုက်နာကြတဲ့ အခြေအနေလည်း ရှိသလို တချို့ဝန်ထမ်းတွေက  Standby အနေအထားတွေ ရှိနေတော့    ခရီးသွားက အရင်ထက် ထက်ဝက်လောက်ထိ လျော့နည်းတာကို တွေ့ရပါ တယ်''ဟု    ၎င်းကပြောသည်။

လက်ရှိ နေပြည်တော်မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအောက်ရှိ အဝေးပြေးယာဉ် လိုင်းပေါင်းစုံ ၁ဝဝ ခန့်ရှိပြီး မြို့နယ်ပေါင်း ၅ဝ ကို ပြေးဆွဲပေးလျက် ရှိကြောင်း၊သင်္ကြန်ပြန်မည့် ဝန်ထမ်းများအတွက် ကားလက်မှတ် အခက်အခဲများရှိပါက    နေပြည်တော် ကောင်စီရုံးနှင့် ချိတ်ဆက်ကာ   ရောင်းချပေးလျက် ရှိကြောင်း၊ ထို့ပြင် ယာဉ်လိုင်းအတွင်းရှိ မော်တော်ယာဉ်များကို COVID-19 ရောဂါကာကွယ်သည့် အနေဖြင့်   ဆေးဖျန်းခြင်း များကို  ယာဉ်မထွက်မီနှင့် ယာဉ်ပြန်လည် ဝင်ရောက်လာချိန်တို့တွင်  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

Read 58 times Last modified on Thursday, 02 April 2020 10:34