SJ WorldNews - шаблон joomla Авто

ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်း ခရီးစဉ်များ ရပ်နားထားပြီး ဟိုတယ်နှင့် တည်းခိုခန်းများ အားလုံး ပိတ်သိမ်းထား

Thursday, 02 April 2020 10:42 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့  ဝင်ရောက် ကူးစက်ပြန့်ပွားမှု မရှိစေရေး အမျိုးသားရေး အသွင်သဏ္ဌာန်ဖြင့် ဆောင်ရွက်လျက်ရှိရာ   နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း အဓိက ဆောင်ရွက် လျက်ရှိသည့် ခရိုင်တစ်ခုဖြစ်သည့် ကော့သောင်းခရိုင်အတွင်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ပင်လယ်ကျွန်း ခရီးစဉ်များကို ရပ်နားထားပြီး  ခရိုင်အတွင်းရှိ   ဟိုတယ်နှင့် တည်းခိုခန်းများ အားလုံးကို ပိတ်သိမ်း ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကော့သောင်းခရိုင်အတွင်းရှိ  ပင်လယ်ကျွန်းများသို့ ပြည်တွင်း ခရီးသွားများအပြင် ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက် လည်ပတ်လေ့ရှိသည့် ပြည်ပခရီးသွား ဧည့်သည်များ၏ ခရီးစဉ်များ အားလုံး ရက်အကန့်အသတ် မရှိ ပိတ်သိမ်းထားပြီး ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းများပေါ်ရှိ   ဟိုတယ်ကြီးများ ဖြစ်သည့် ကြယ်ငါးပွင့်အဆင့်  သူဌေးကျွန်း  Grand Amdaman Hotel ၊ ရတနာကျွန်း ဗစ်တိုးရီးယား  အင်တာတိန်းမင်း ရီဆောဟိုတယ်၊   ညောင်ဦးဖီးကျွန်း Victoria Cliff Hotel & Resort  ၊ အလယ်ကျွန်း Hotel & Resort ၊ ၁၁၅ကျွန်း Hotel & Resort၊ ကျွန်းဖီလာကျွန်း Hotel & Resort တို့အပြင် ကော့သောင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ အားလုံး ပိတ်သိမ်းထားကြောင်း ခရိုင်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖြစ် ကျွန်းများပေါ်ရှိ   ဟိုတယ်ရီဆော့များမှ  မလိုအပ်သည့် ဝန်ထမ်းများကို မိမိတို့နေအိမ်များတွင် နေထိုင်ကြရန် နှိုးဆော် အသိပေးထားပြီး  ကော့သောင်းမြို့တွင်း ကော့သောင်းခရိုင်  COVID-19 ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်၊   ကုသရေး ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပိတ်သိမ်းထားပြီးဖြစ်သည့်   မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်း သွားလာမှုမရှိစေရေး နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြို့မတံတား ၊ဓမ္မာရုံကူးတို့ဆိပ်၊   ထိုင်းနိုင်ငံမှတစ်ဆင့် ထိုင်း-မြန်မာ နယ်နိမိတ် ပိုင်းခြားထားသည့် ပါချန်မြစ်ကြောင်း တစ်လျှောက် ကျေးရွာများမှ ဖြတ်သန်း ဝင်ရောက်လာသူများ မရှိစေရေး တားဆီးစောင့်ကြည့်သည့် အဖွဲ့များဖြင့်    အလေးထား သတိပြုကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ခရိုင်နှင့်မြို့နယ်အတွင်းရှိ မြို့တွင်းဈေးများ၊ ကားဂိတ်၊ လေဆိပ်နှင့် အများပြည်သူ အသွားအလာ များပြားရာ နေရာများအား  ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုလုပ်ငန်းဆောင်ရွက်ခြင်း၊ လက်ဆေးခြင်း အလေ့အထများ  မဖြစ်မနေ ဆောင်ရွက်ကြရန်  အသိပညာပေးခြင်း စသည့်  လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင်   မြို့နယ်အတွင်း  ကိုယ်အပူချိန် မြင့်မား၍ စောင့်ကြပ်ကြည့်ရှုရမည့် သူများတွေ့ရှိပါက  ထားရှိနိုင်ရန် နေရာများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ဆေးဝါးကုသမှုခံယူရန်   ပြည်သူ့ဆေးရုံအတွင်း အသင့်ပြင်ဆင်ထားရှိခြင်း စသည့် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။   

Read 55 times Last modified on Thursday, 02 April 2020 10:44