SJ WorldNews - шаблон joomla Авто

အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာများနှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံ

Sunday, 05 April 2020 10:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဧပြီ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိသော နေရာများသို့ ကွင်းဆင်း သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံနေသူ ၂၁၈ ဦးအား ထားရှိသည့် လှည်းကူးမြို့နယ်ရှိ ဓမ္မရံသီကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာ တော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုနန္ဒအား ဖူးမြော်၍ ယခုကဲ့သို့ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ရေး လုပ်ငန်းတွင် အလွန်အရေးကြီးသည့်   အသွားအလာ ကန့်သတ်ရန်နေရာများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုရာနေရာတွင် ပရဟိတ စေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသူများနှင့် တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့်    အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိမိစိတ်ဆန္ဒအလျောက် အဆိုပြုတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ကျေးဇူးတင်အားပေး စကားပြောကြားသည်။ ထို့နောက် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး CT Scan ဓာတ်မှန်စက်ကြီးနှင့်  Oxygen Plant တပ်ဆင်ထားရှိမည့် နေရာများကို ကြည့်ရှုကာ လူနာများထားရှိ ကုသမှုပေးရန် ထပ်မံလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ  COVID-19 ရောဂါလူနာနှင့် ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း ၁၆ ဦး အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုမှု ခံယူရာ ဆေးတက္ကသိုလ်(၂)ရန်ကုန်ရှိ ဝန်ထမ်းအိမ်ရာ လေးထပ်ဆောင်သစ်သို့  သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ လေးထပ်ဆောင်သစ်သို့ သွားရောက်ရာ    ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရောဂါပြင်းထန်သော လူနာများအား အထူးကြပ်မတ် ကုသမှုပေးရန် လိုအပ်သော စက်ပစ္စည်း ကိရိယာများ တပ်ဆင်ထားရှိမှုနှင့် လိုအပ်သည်များကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို  စီစဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဆေးရုံများသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ယခင်ကတည်းက တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံများတွင် အထူးကြပ်မတ် ကုသဆောင်များကို  အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှု အထောက်အကူပြု ပညာရှင်များကို အထူးကြပ်မတ် ကုသမှုဆိုင်ရာ   မွမ်းမံသင်တန်းများ ပြုလုပ်ရန် စီစဉ်ထားရှိခဲ့ရာ   ယခုကဲ့သို့ COVID-19 ကပ်ရောဂါဖြစ်ပွားမှုတွင် အဆိုပါ သင်တန်းများနှင့် အဆင့်မြှင့်တင်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်စဉ်အတွက်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပိုမိုတိုးတက် ကောင်းမွန်စေမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 လူနာများအား သီးသန့်ထားရှိ ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများ ကြိုတင်ပြင်ဆင်ထားရှိသကဲ့သို့   မန္တလေးတိုင်း ဒေသကြီးတွင်လည်း ခုတင်-၃ဝဝ ဆံ့ သင်ကြားရေး ဆေးရုံကြီးကို  designated hospital အဖြစ်  ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ COVID-19 ကုသရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း   ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့်  Clinical Management Teamများ ဖွဲ့စည်းထားရှိကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက်  လိုအပ်သည့်  ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ကိရိယာများ

နှင့် ဓာတ်ခွဲပစ္စည်းများကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဆေးရုံအလိုက် လိုအပ်သည်များကို စာရင်းပြုစု၍ အမြန်ဆုံး တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံနေသူ ၂၅ ဦးထားရှိရာ သုဝဏ္ဏဘောလုံး အကယ်ဒမီနှင့် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံနေသူ ၁၄၅ ဦး ထားရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့သို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေသည်များကို  ကြည့်ရှုပြီး ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကားပြော ကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးသုတေသန ဦးစီးဌာန(ရန်ကုန်) သို့သွားရောက်၍    COVID-19 နှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုသည်များ မေးမြန်းနိုင်ရန် Call Center တစ်ခုပြုလုပ်သွားရန်   စီစဉ်ထားရှိမှု အခြေအနေများ ရှင်းလင်းပွဲသို့ တက်ရောက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ သွားရောက်၍  RT-Polymerase Chain Reaction (PCR)နည်းပညာ အသုံးပြု၍ COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဓာတ်ခွဲနမူနာများ ရယူခြင်း၊  လက်ခံခြင်း၊ ထုတ်ယူခြင်းနှင့် ပြင်ဆင်ခြင်း၊ ဓာတ်ခွဲနမူနာမှ  Ribonucleic Acid (RNA) ထုတ်ယူခြင်း၊ Mastermix Preparation ပြုလုပ်ခြင်း၊ PCR ဖြင့်စစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေထုတ်ခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု များကိုကြည့်ရှုပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဌေးဌေးတင်၏ လိုအပ်သည်များ တင်ပြမှု အပေါ်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမြန်ဆုံး ဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။             

Read 36 times Last modified on Sunday, 05 April 2020 10:24